တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် မြိတ်မြို့ရှိ ငါးသေတ္တာကုန်ချောထုတ်လုပ်နေမှု၊ စပါးခွံဖြင့် ထင်းအစားထိုးလောင်စာဆောင်ရွက်မှု၊ ဆိုလာစွမ်းအင်ဖြင့် ဆန်စက်လည်ပတ်မှုနှင့် ကျေးလက်နေပြည်သူများအား အထူးကုဆရာဝန်များ ကွင်းဆင်း၍ အခမဲ့ဆေးကုသပေးမှု ကြည့်ရှုအားပေး

မြိတ် ဩဂုတ် ၂၃

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြိတ်မြို့နယ်တွင် ငါးသေတ္တာ ကုန်ချောထုတ်လုပ်မှု၊ ပိုလျှံစပါးခွံဖြင့် ထင်းအစားထိုးလောင်စာဆောင်ရွက်မှု၊ ဆိုလာစွမ်းအင်ဖြင့် ဆန်စက်လည်ပတ်မှုနှင့် ကျေးလက်နေပြည်သူများအား မြိတ်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်များ ကွင်းဆင်း၍ အခမဲ့ဆေးကုသ ကျန်းမာရေးစောင့်ရှောက်ပေးမှုတို့အား ကြည့်ရှုအားပေးကြောင်း သိရသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖျာကျေးရွာရှိ Makro Manufacturing ကုမ္ပဏီ၏ READY ငါးသေတ္တာစက်ရုံသို့ ရောက်ရှိကြရာ ကုမ္ပဏီအစည်းအဝေးခန်းမတွင် အထွေထွေမန်နေဂျာ ဦးရဲဝင်းထွန်းက READY ငါးသေတ္တာထုတ်လုပ်မှုဆိုင်ရာအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က ကုန်ကြမ်းရရှိမှုနှင့် လုပ်ငန်းလည်ပတ်မှု အခက်အခဲများကို မေးမြန်းပြီး ငါးသေတ္တာကုန်ချောထုတ်ကုန်များ ပိုမိုထုတ်လုပ်တင်ပို့ရေး အားပေးစကား ပြောကြားသည်။

ထို့နောက် READY ငါးသေတ္တာ ကုန်ချောထုတ်ကုန် နမူနာများအား ကြည့်ရှုခဲ့ကြပြီး ငါးသေတ္တာစက်ရုံအတွင်း တစ်နေ့လျှင် ငါးသေတ္တာဘူးလုံးရေ (၁) သိန်း READY ငါးသေတ္တာကုန်ချောကို လုပ်သား များဖြင့် ကုန်ကြမ်းမှ အသင့်စားသုံးနိုင်သည့် ငါးသေတ္တာကုန်ချောထုတ်လုပ်မှု အဆင့်ဆင့်နှင့် ဈေးကွက်အတွင်း ဖြန့်ချီနိုင်သည်အထိ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ တစ်နေ့လျှင် တန်(၁၀၀)ကျ OK ရတနာဆန်စက်သို့ရောက်ရှိခဲ့ကြရာ ဆန်စက်မှ ပိုလျှံစပါးခွံများကို တစ်နာရီ ပိဿာ (၆၀)ထွက် စက်(၄)လုံးဖြင့် ထုတ်လုပ်ထားသည့် ထင်းအစားထိုးလောင်စာတောင့် ထုတ်လုပ်သုံးစွဲမှုအား ဆန်စက်ပိုင်ရှင် ဦးထွေးဝေက ရှင်းလင်းပြသရာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လောင်စာတောင့်များအား ကြည့်ရှုအားပေးကြပြီး ဆိုလာ (၅၆၀) ချပ်ဖြင့် (၂၁၀) ကီလိုဝပ် စွမ်းအင်ထုတ်လုပ်ပြီး ဆန်စက်လည်ပတ်၍ ​ဒေသထွက်စပါးများကို အ​ခြောက်ခံမှု၊ ကြိတ်ခွဲမှု၊ သန့်စင်မှုနှင့် ဒေသတွင်း ဖြန့်ဖြူးရောင်းချရန် ထုပ်ပိုးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကြသည်။

အဆိုပါ ဆန်စက်ကို ဆိုလာစွမ်းအင်နှင့်အတူ စပါးခွံမှ တစ်နေ့လျှင် 325 KVA (၂) လုံးဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး ဆိုလာစွမ်းအင်နှင့်အတူ ဆန်စက်လည်ပတ်အသုံးပြု​လျက်ရှိသည်။ ယင်းနောက် ရှင်းလင်းဆောင်အတွင်း ဆန်စက်တာဝန်ရှိသူတစ်ဦးမှ OK ရတနာဆန်ရောင်းဝယ်ရေးမှ မြိတ်မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး ဝင်ငွေနည်းမိသားစုများအတွက် အမြတ်အစွန်းမယူသော ဆန်နှင့်အခြေခံစားကုန်ပံ့ပိုးရေး လုပ်ငန်းအစီအစဉ်တင်ပြရာ ဝန်ကြီးချုပ်မှ အားပေးစကားပြောကြားသည်။

ထိုမှတဆင့် အ.ထ.က (ကျွဲကူး) ကျောင်း၌ ကျေးလက်နေပြည်သူများအား မြိတ်ပြည်သူ့ဆေးရုံကြီးမှ ခရိုင်ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကုဆရာဝန်များအဖွဲ့သည် ပြည်သူများ၏ ဆေးပညာ၊ ခွဲစိပ်၊ ကလေး၊ အရိုး၊ မျက်စိ၊ နား/ နှာခေါင်း/ လည်ချောင်း၊ သွား၊ အကြောအဆစ်အမြစ် ပြန်လည်သန်စွမ်းရေး၊ အရေပြား  ဝေဒနာရှင်များအား စမ်းသပ်စစ်ဆေးကုသပေးပြီး ဆေးဝါးများ အခမဲ့ပေး၍ ကျန်းမာရေးစောင့်ရှောက်မှုနေမှုအား ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ကျေးလက်နေပြည်သူများအား ကွင်းဆင်းဆေးကုသပေးရာတွင် ဝေဒနာရှင် (၄၁၂)ဦးကို အခမဲ့စမ်းသပ်ဆေးကုသပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် ဝေဒနာရှင် (၂၆)ဦးအား မြိတ်ပြည်သူ့ဆေးရုံကြီးသို့ ခေါ်ယူဆေးကုသပေးသွားမည်ဖြစ်ကြောင်း၊ ကွင်းဆင်းဆေးကုသပေးခြင်းသည် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်၊ ပြည်သူ့ဆေးရုံတွင် အခမဲ့‌ ဆေးကုသပေးနေမှုများကို သိရှိနိုင်စေရန်နှင့် ဆေးရုံတက်ရောက် ဆေးကုသမှုခံယူရန် လိုအပ်သည့် ဝေဒနာရှင်များ ဆေးရုံတက်ရောက်ဆေးကုသမှုခံယူနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ကျေးရွာအရောက် ကွင်းဆင်း၍ ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)