ပိုင်ကျုံမြို့၌ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

ပိုင်ကျုံ ဩဂုတ် ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTING MACHINE) ဆိုင်ရာအသိပညာပေးခြင်းနှင့် စမ်းသပ်ဆန္ဒမဲပေးခြင်း သရုပ်ပြပွဲကို ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပိုင်ကျုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတို့က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများ သိသင့်သိထိုက်သော အချက်အလက်များနှင့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် မဲပေးနိုင်ရေး ဆောင်ရွက်ထားရှိအခြေအနေများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖွဲ့စည်းတည်ဆောက်ပုံ၊ အသုံးပြုပုံအဆင့်ဆင့်နှင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မဲပေးစက်ဖြင့် မဲပေးပုံ/ မဲပေးနည်းစနစ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အသိပညာပေးဆွေးနွေးပွဲတွင် တက်ရောက်လာသည့် ပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းကို စိတ်ပါဝင်စားစွာ လက်တွေ့လုပ်ဆောင်ခဲ့ကြကြောင်း၊ ထိုဆွေးနွေးပွဲတွင် မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာများမြို့ပေါ်ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ/ရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်

နော်ခူး (ပြန်/ဆက်)