မုံရွာ ဩဂုတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အားမြို့အင်္ဂါရပ်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်တီရပ်ကွက်ရှိ လယ်တီကန်ပတ်လမ်း နိုင်လွန်ကတ္တရာလမ်းနှင့် သာယာလှပရေးလုပ်ငန်းများ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၂ ရက်၊ နံနက်ပိုင်းတွင် အဆိုပါရေကန်ရှိမုခ်ဦးတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးနှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်ဒီဂရီ/ကောလိပ်များမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလွင်တို့က “လယ်တီရပ်ကွက်ရှိ လယ်တီကန်ပတ်လမ်း နိုင်လွန်ကတ္တရာလမ်းနှင့် သာယာလှပရေးလုပ်ငန်း များ”ဆောင်ရွက်ထားရှိမှုမုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက အဆိုပါမုခ်ဦးရှေ့တွင် တာဝန်ရှိသူများအတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လယ်တီရပ်ကွက်ရှိ လယ်တီကန်ပတ်လမ်း နိုင်လွန်ကတ္တရာလမ်းနှင့် သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ လွတ်လပ်ရေးရင်ပြင်မုခ်ဦး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးမြင့်အောင်နှင့် မုံရွာမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းတို့က “လွတ်လပ်ရေး ရင်ပြင်မုခ်ဦး”အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အဆိုပါမုခ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ ပြည်ထောင်စုရင်ပြင်မုခ်ဦး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရာ မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာနှင့်စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းမှ ဘင်ခရာ/ပန်းပွား အဖွဲ့များ၏ တီးမှုတ်ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာမြို့သည် အပူပိုင်းဒေသဖြစ်ခြင်းကြောင့် ပြည်သူများအပန်းဖြေအနားယူစရာ နေရာရှားပါးသည့်အတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ယူစဉ်ကာလတွင် အရှေ့ကန်သာယာ၊ အနောက်ကန်သာယာနှင့် ယခုဖွင့်လှစ် ခဲ့သည့် လယ်တီကန်အပန်းဖြေနေရာစသည့် နေရာများတွင် ပြည်သူလူထု စိတ်လက်ကြည်သာစွာဖြင့် အပန်းဖြေအနားယူနိုင်စေရန် နေရာများအား ဖန်တီးဖွင့်လှစ် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြည်သူလူထုအကျိုးအတွက် အလိုအပ်ဆုံးဖြစ်သည့် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးအား ပထမဦးစားပေးအဖြစ် ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်သူလူထု စီးပွားရေးကောင်းမွန်စေပြီး အလုပ်အကိုင်အခွင့် အလန်းများရရှိစေရေးအတွက် မုံရွာမြို့ရှိဈေးများအား အသစ်တည်ဆောက်ပေးခြင်း၊ လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်းနှင့် မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ မြို့နေပြည်သူများအနေဖြင့်လည်း မိမိတို့မြို့ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့မိမြို့ဖများ၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့်ပူးပေါင်းကာ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးမြင့်အောင်က လယ်တီရပ်ကွက်ရှိ လယ်တီကန်ပတ်လမ်း နိုင်လွန်ကတ္တရာလမ်းနှင့် သာယာလှ ပရေးလုပ်ငန်းများ၊ အောင်ချမ်းသာရပ်ကွက်ရှိ လွတ်လပ်ရေးရင်ပြင်မုခ်ဦးနှင့် ပြည်ထောင်စုရင် ပြင်မုခ်ဦး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုလုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေး ဦးဝင်းလိူင်၊ တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်တို့က ပြည်ထောင်စုရင်ပြင်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဘင်ခရာ/ပန်းပွားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး အဆိုပါမုခ်ဦးရှေ့တွင် တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၇/၂၀၂၅) အစည်းအဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်းကော်မတီ (၆/၂၀၂၅) ၏ အစည်းအဝေးဆုံး ဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ၊ ယခုအစည်းအဝေး တွင်ဆုံးဖြတ်အတည်ပြုပေးရမည့် ကိစ္စရပ်များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက မိမိတို့ ဌာနများအလိုက် တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားဇုန်များ၌ သန့်ရှင်းသပ်ရပ်မှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ၊ ခရီးသွားများသွားလာရေး၊နေထိုင်ရေးနှင့် ဟိုတယ်/တည်းခိုရိပ်သာများ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား လည်းကောင်း၊ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်ဆည်းပေးရန်လိုအပ်မှုအခြေအနေများအား လည်းကောင်း အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချင်းတွင်း ခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် အငြိမ်းစားဝန်ထမ်းများအား နံနက်စာကော်ဖီနှင့်မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံမိတ်ဆက်စကားများပြောကြားကာ တာဝန်ရှိသူများနှင့်အတူ အငြိမ်းစားဝန်ထမ်း ၆၅၀ ဦးအား အဟာရဖြည့်စွက်စာ ကြက်ဥများအား လက်ရောက်ပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း၌ မုံရွာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများအား ဆီးချို/သွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ အကြောနာအကြောတက်ရောဂါ၊ နှလုံးရောဂါ၊ ချောင်းဆိုးရင်ကြပ်ရောဂါများအား စစ်ဆေးကု သပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည် များကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါခန်းမဝန်း အတွင်း၌ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ အငြိမ်းစားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ စားသုံးဆီနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
အဆိုပါ တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)