ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဘားအံစက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများ ကြည့်ရှုစစ်ဆေး

ဘားအံ ဩဂုတ် ၂၂

ကရင်ပြည်နယ်၊ ဘားအံစက်မှုဇုန်ကို ၂၀၁၁ ခုနှစ်ခန့်က စတင်တည်ထောင်ခဲ့ပြီး ဧရိယာ ၉၆၉ ဧကကျယ်ဝန်းကာ ဇုန်အတွင်းရှိ စက်ရုံအလုပ်ရုံများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အားပေးမြှင့်တင်နိုင်ရေး၊ နည်းပညာ၊ အရင်းအနှီးနှင့် ဈေးကွက်အထောက်အပံ့များရရှိနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဩဂုတ် ၂၂ ရက် နံနက်ပိုင်းက အဆိုပါစက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဘားအံစက်မှုဇုန်၊ ကံကောင်းခြင်းရတနာထုတ်လုပ်မှုလုပ်ငန်းကုမ္ပဏီ၏ သစ်ပါးလွှာစက်ရုံ၌ အလုပ်သမား ၇၁ ဦးဖြင့် အထပ်သားအခွံခွာအကြမ်းစက်၊ အထပ်သားအချောစက်၊ ဓါးသွေးစက်၊ ဖိသိပ်ထုပ်ပိုးစက်များဖြင့်  ရာဘာသစ်ပါးလွှာ ထုတ်လုပ်ပုံအဆင့်ဆင့်၊ အရည်အသွေးခွဲခြား ပါကင်ထုပ်ပိုးထားရှိမှုနှင့် စက်ရုံထုတ်ကုန်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ရှိသူများက ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်းအရင်းအမြစ်များကိုအခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြင့်ထုတ်လုပ်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်၍ သစ်အချောထည်ပစ္စည်းများ ထုတ်လုပ်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံစက်မှုဇုန်၌ အလုပ်သမားဦးရေ ၂၀၀ ခန့်ဖြင့် နေ့စဉ် အစီးရေ ၈၀ မှ ၁၀၀ ကြား ထုတ်လုပ်တပ်ဆင်နေသော Precision Auto Engineering Co.,Ltd ၏ Bajaj အမှတ်တံဆိပ် သုံးဘီးလူစီးမော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်သည့်စက်ရုံအား ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ရှိသူများက အရည်အသွေး၊ ကုန်ကြမ်းရရှိမှု၊ လျှပ်စစ်မီးရရှိမှုနှင့် ထုတ်လုပ်မှုအခြေအနေ၊   After Sale Service ဆောင်ရွက်ထားရှိမှု၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ဖော်ဆောင်နိုင်ရေး EV SKD အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ စက်မူဝန်ကြီးဌာန MOHS နှင့်ချိတ်ဆက်၍ အခမဲ့စက်ပြင်သင်တန်းသင်တန်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စက်ပစ္စည်းအစိတ်အပိုင်းများ ပြည်ပမှမှာယူတင်သွင်းမှုများကို လျှော့ချ၍ ပြည်တွင်းထုတ်ကုန်များကို အသုံးပြုပြီး ထုတ်လုပ်တပ်ဆင်အသုံးပြုနိုင်ရေးမှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ရှမ်းရွာသစ်ဒေသထွက် ကုန်ကြမ်းများကို အသုံးပြု၍ အလုပ်သမား ၃၀ ဦခန့်ဖြင့် တစ်ရက်လျှင် ၂၅ ကီလိုဂရမ် ဒိုလိုမိုက်သဘာဝကျောက်မုန့်မြေဩဇာအိတ် ၂၀၀၀ ခန့်ထုတ်လုပ်နေသော ပြည်သူ့ဓနကုမ္ပဏီလီမိတက်၏ ပွင့်သစ်တိုးဘက်စုံသုံးအဆင့်မြင့်ဂျစ်(ပ်)ဆမ်ကျောက်မှုန့် ကြိတ်ခွဲသန့်စင်စက်ရုံကို ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ရှိသူများက ကြိတ်ခွဲသန့်စင်ထုတ်လုပ်မှုအဆင့်ဆင့်ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဈေးကွက်ရရှိမှုနှင့် ဝယ်လိုအားယှဉ်ပြိုင်နိုင်စွမ်းတို့ကို ဆွေးနွေးမေးမြန်းကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အလုပ်သမား ၄၂ ဦးဖြင့် နေ့စဉ်ကော်ပစ္စည်းမျိုးမျိုး ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသော KYAW-3 အလုပ်ရုံကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ထုတ်လုပ်မှုနှင့် ဈေးကွက်ဖြန့်ဖြူးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်းစွန့်ပစ်ပလတ်စတစ်နှင့်ကော်ပစ္စည်းများကို ကုန်ကြမ်းအဖြစ် ပြန်လည်သန့်စင်အသုံးပြုနိုင်ရေး မှာကြားကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဘားအံစက်မှုဇုန်တွင် တည်ဆောက်ဆဲစက်ရုံအလုပ်ရုံ ၂၆ ရုံရှိပြီး စက်ရုံ၊ အလုပ်ရုံပေါင်း ၄၆ ရုံ လုပ်ငန်းလည်ပတ်လျက်ရှိကာ ဒေသခံတိုင်းရင်းသားပြည်သူအလုပ်သမားဦးရေ ၅၁၈ ဦးအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားနိုင်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)