ရေတာရှည် ဩဂုတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ ဆရာမဒေါ်သန်းသန်းမိုးနှင့် ကျန်းမာရေးဝန်ထမ်းများက ခြင်မှတစ်ဆင့် ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဩဂုတ် ၂၀ ရက်နေ့ နံနက်ပိုင်းက အ.လ.ကခွဲ(၁)ရပ်ကွက်နှင့် အ.လ.ကခွဲ(၄)ရပ်ကွက်ကျောင်းများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းများသို့ သွားရောက်ကာ ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအသိပညာပေးဟောပြောခြင်း၊ အသိပညာပေးဗီနိုင်းများကပ်ခြင်း၊ ကျောင်းသား/သူများအား သွေးလွန်တုပ်ကွေး ရောဂါရှိ/မရှိ စမ်းသပ်ပေးခြင်း၊ ပေါင်ချိန်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ ကျောင်းခန်းအတွင်းခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ရေတာရှည်မြို့နယ်အတွင်းရှိ ကျန်ရှိနေသော ကျောင်းများသို့ ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်၍ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)