သနပ်ပင်မြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲ ကျင်းပ

သနပ်ပင် ဩဂုတ်၂၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ အခွန်ထမ်းလုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့် စပ်လျဉ်းသည့် အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်စုစုထွဋ်က ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များ၊ တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်၊ အခွန်အမှတ်တံဆိပ်သတ်မှတ်ချက်၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဌာန်းချက်များ၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရာတွင် လိုက်နာရမည့်အချက်များနှင့် အခွန်ပျက်ကွက်မှုများအတွက် ပြစ်ဒဏ်များစသည့်အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင် ၁၀၀ ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသော အခွန်ထမ်းလုပ်ငန်းရှင်များ၏ သိရှိလိုသော မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီးနောက် မြို့နယ်အခွန်ဦးစီးဌာနမှ ဝန်ထမ်းများက အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)