လပွတ္တာမြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(လပွတ္တာ)ကျောင်း၌ မိုးရာသီအားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကျင်းပ

လပွတ္တာ ဩဂုတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ (လပွတ္တာ)ကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က မိုးရာသီအားကစားပြိုင်ပွဲများ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုအခမ်းအနားတွင် လပွတ္တာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းအုပ်ဆရာမကြီး ဒေါက်တာဝတ်ရည်လှိုင်က အားကစားပွဲများကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံရင်မော်နှင့်အဖွဲ့ဝင်များက အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်မည့်ကျောင်းသား၊ ကျောင်းသူများအား နွေးထွေးစွာ‌ တွေ့ဆုံအား‌ပေး နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးရာသီအားကစားပြိုင်ပွဲများတွင် မေဂျာအလိုက် ကျောင်းသား၊ ကျောင်းသူများက ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စာပွဲတင်တင်းနစ်ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲများ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်းနှင့် အားကစားပြိုင်ပွဲများကို ဩဂုတ်လ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းထက်လင်း