ပြည် ဩဂုတ် ၂၂
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီး၌ ယမန်နေ့ နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်း ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပြည်ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက ကဏ္ဍအလိုက်ကျန်းမာရေးဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများနှင့် လိုအပ်သောဆေးကုသမှုများ ဆောင်ရွက်ပေးကာ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက ဆန်၊ ဆီနှင့် ကြက်ဥများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသည်။
ယင်းဆောင်ရွက်ပေးနေမှုကို ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးကြပြီး ပြည်မြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ပင်စင်ထုတ်ရက်တိုင်း ပြည်မြို့ ခုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီး၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းတို့ကို လစဉ်ဆောင်ရွက်ပေးကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)