ပခုက္ကူ ဩဂုတ် ၂၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများ စွန့်ပစ်အမှိုက်များစနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာနည်းလမ်းများကို သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးတင်စိုးဝင်း၏ ဦးဆောင်မှုဖြင့် တာဝန်ခံအင်ဂျင်နီယာ၊ စည်ပင်သာယာရေးကော်မတီဝင်များ၊ အဖွဲ့ဝန်ထမ်းများက ပခုက္ကူမြို့ ပေါ်ရပ်ကွက်များရှိ ရုံး၊ ဌာန၊ စာသင်ကျောင်း၊ စျေးများ၊ ပန်းခြံများနှင့် အများပြည်သူသွားလမ်းသွားလမ်းလာနေရာများတွင် အမှိုက်အမျိုးအစားလေးမျိုးခွဲခြားစွန့်ပစ်ရေးဆိုင်ရာ အသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်း၊ အရောင်ဖြင့်ခွဲခြားထားသည့် အမှိုက်ပုံးများထားရှိခြင်း၊ အမှိုက်စို၊ အမှိုက်ခြောက်၊ ဘေးအန္တရာယ်ရှိအမှိုက်၊ ပလတ်စတစ်အမှိုက်များကို အရောင်ဖြင့်ခွဲခြား၍ အမှိုက်သိမ်း ယာဉ်များပေါ်သို့ လက်တွေ့သရုပ်ပြစွန့်ပစ်ခြင်း၊ ပြည်သူများအား အမှိုက်အမျိုးအစားအလိုက်အရောင်ဖြင့် ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။
ပခုက္ကူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပြည်သူများ အမှိုက်အမျိုးအစားလေးမျိုးခွဲခြား၍ စနစ်တကျစွန့်ပစ်ရေးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်ပြီး မြို့ပေါ်ရပ်ကွက် ၁၃ နေရာ၌ အသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူကာ အရောင်ဖြင့်ခွဲခြားထားသော အမှိုက်ပုံးများ ထားရှိပေးလျက်ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)