လှိုင်းဘွဲ ဩဂုတ် ၂၂
ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သော အချက်အလက်များနှင့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို လက်တွေ့အသုံးပြု နိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့စမ်းသပ်ခြင်းတို့ကို ယနေ့နံနက်၁၀နာရီက ဆောင်ရွက်သည်။
မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် လှိုင်းဘွဲမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ အဖွဲ့ဝင်များက သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်းတွင် ပါဝင်သူ အမျိုးသား၊ အမျိုးသမီးများ မဲပေးပိုင်ခွင့်ရှိခြင်း၊ မဲပေးပိုင်ခွင့်ရှိသူများ၊ အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်မရှိသူများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် အလုပ်လုပ်ပုံအဆင့်ဆင့်နှင့် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် သိသင့်သိထိုက်သော အချက်အလက်များအား အသိပညာပေးဟောပြောခဲ့ပြီး ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို မဲဆန္ဒရှင် ပြည်သူများက လက်တွေ့အသုံးပြု စမ်းသပ် မဲပေးခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ကြသည်။
လှိုင်းဘွဲမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ စနစ်တစ်ကျမဲပေးနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်ခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက အဖွဲ့များခွဲ၍ လှိုင်းဘွဲမြို့ပေါ်ရှိ ရပ်ကွက်များနှင့်အနီးပတ်ဝန်းကျင် ကျေးရွာများ၊ ရွှေဂွန်းကျေးရွာ၊ ထီလုံကျေးရွာ၊ တာပေါင်ကျေးရွာနှင့်ပိုင်ကျုံမြို့တို့တွင် ဩဂုတ်၂၂ရက်မှ ၃၁ရက်အထိ ကွင်းဆင်းအသိပညာပေးဟောပြောခြင်း၊ လက်တွေ့စမ်းသပ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)