မြို့သစ်မြို့၊ စျေးရပ်ကွက်ရှိ မဲဆန္ဒရှင်များ လွယ်ကူစွာမဲပေးနိုင်ရေး မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

မြို့သစ် ဩဂုတ် ၂၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ စျေးရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက မဲဆန္ဒရှင်များ လွယ်ကူစွာမဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိနှင့် ကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများနှင့် မဲပေးစက်ကိုင်နည်းပြများ၊ ဌာနဆိုင်ရာများ၊ စျေးရပ်ကွက်မှ ဒေသခံမဲဆန္ဒရှင်ပြည်သူများ တက်ရောက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိက မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းသော အကြောင်းအရာများ၊ အီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ မဲပေးခြင်း၏ အားသာချက်များအား ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့တက်ရောက်ကြသော မဲဆန္ဒရှင်ပြည်သူများကစုပေါင်း၍ စမ်းသပ်မဲပေးခဲ့သည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် အဆိုပါမြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းအား နေ့စဉ်မြို့နယ်တွင်းရှိ မဲဆန္ဒနယ်မြေအသီးသီးမှ မဲဆန္ဒရှင်ပြည်သူများအား အသိပညာပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)