ကျုံပျော်မြို့ ရွာသစ် အ.လ.က(ခွဲ)၌ အသိပညာပေး ဟောပြောပွဲပြုလုပ်

ကျုံပျော် ဩဂုတ် ၂၂

ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားရရှိစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်  ကျုံပျော်မြို့နယ် ဌာနဆိုင်ရာများ ပူးပေါင်းကာ လူငယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့‌နေ့လယ်က ကျုံပျော်မြို့နယ် ရွာသစ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာကျောင်းအုပ်ဆရာကြီး ဦးကျော်ဌေးက အသိပညာပေးဟောပြောပွဲမှ ဗဟုသုတများကို စနစ်တကျလေ့လာ မှတ်သားကြရန် အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းစိုးက စာဖတ်ခြင်းဖြင့် ရရှိစေမည့်အကျိုးကျေးဇူးများ၊ စာဖတ်သူနှင့်စာမဖတ်သူ ကွာခြားချက်၊ စာတတ်သူတိုင်း စာဖတ်ကြရန်နှင့် မိမိဌာန၏ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုလုပ်ငန်းတို့ကို ဆွေးနွေးဟောပြောသည်။

ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခင်မေဝင်းက စားသုံးသူကာကွယ်ရေး ဥပဒေပါပြဋ္ဌာန်းချက်များ၊ ဌာန၏စားသုံးသူအသိပညာပေး လုပ်ငန်းဆောင်ရွက်နေမှုနှင့် စာသုံးသူတို့၏အခွင့်အရေးများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှု အခြေအနေများကို ဆွေးနွေး‌ဟောပြောပြီး၊ ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုဝေလှိုင်က အင်တာနက်ဆိုင်ရာ သိကောင်းစရာနှင့် ကျောင်းကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ၊ Dry Day အကြောင်းနှင့် သွေးလွန်တုပ်ကွေးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအား အသိပညာ‌ပေး ဆွေးနွေးခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်သား၊ ကျောင်းသူ‌လေးများအား မူးယစ်ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာ‌ပေး နံရံကပ်စာစောင်များအား ရှင်းလင်းပြသခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဌေးနှင့် ဆရာ၊ ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)