ရေဦး ဩဂုတ် ၂၂
ရေဦးခရိုင်၊ ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ယမန်နေ့လယ် ၁ နာရီက ဆယ်အိမ်စုမှူး ဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့၀င်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက်က ဆယ်အိမ်စုမှူး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ပညာရေး၊ ကျန်းမာရေး လူမှုရေးကဏ္ဍများတွင် ပူးပေါင်းပါ၀င် ဆောင်ရွက်နိုင်ရေး၊ လူမှုရေးလုပ်ငန်းများ အရှိန်ဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဆာမူအဲယ်က သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန သူနာပြုဆရာမကြီး ဒေါ်ဌေးဌေးသန်းနှင့် ၀န်ထမ်းများက သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ ဖြစ်ပွားရခြင်းနှင့် နေထိုင်စားသောက်မှုပုံစံများ၊ မွေးကင်းစမှ တစ်နှစ်ခွဲအထိ လစဉ်ပုံမှန်ကာကွယ် ဆေးများ ထိုးနှံပေးနေမှု၊ အသက် ၉ နှစ်ပြည့်ပြီးသော ကျောင်းပြင်ပနှင့် ကျောင်းနေအရွယ်ကလေးများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးနေမှု၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြည်သူ့၀န်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကို အသီးသီးရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌက ပြည်သူကိုဗဟိုပြုလျက် ပြည်သူ့၀န်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးမှုအပေါ် တက်ရောက်လာသူများမှ ပူးပေါင်းပါ၀င် ဆောင်ရွက်ပေးကြရန်၊ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းတစ်ခုအနေဖြင့် ဒေသခံပြည်သူများ၏ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် အခက်အခဲများ ကြုံတွေ့နေပါက မှန်မှန်ကန်ကန်ဖြင့် မျှတစွာကူညီဆောင်ရွက်ပေးနေကြောင်း၊ ယခုသင်တန်းတွင် ပြည်သူအကျိုးပြု ၀န်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရမည့် လူမှုရေးတာ၀န်နှင့်ပတ်သက်၍ သင်ယူခဲ့ပြီးလျှင် ရပ်ကျိုးရွာကျိုးတွက် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ မြို့ပေါ်ငါးရပ်ကွက်မှ သင်တန်းသားသင်တန်းသူ ၅၀ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ သုံးရက်သင်တန်းဖြစ်ကြောင်း သိရသည်။
သန်းသန်း(ပြန်/ဆက်)