စကုမြို့၌ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးအားကစားပြိုင်ပွဲများ ကျင်းပပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

မင်းဘူး ဩဂုတ် ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးအားကစားပြိုင်ပွဲများ ကျင်းပပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက စကုမြို့ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ စကုမြို့အုပ်ချုပ်ရေးမှူး ဦးချိုစန်းလွင်ဦးက စကုမြို့သည် ဖွံ့ဖြိုးဆဲ မြို့တစ်မြို့ဖြစ်သည်နှင့်အညီ စကုမြို့ပေါ် ရပ်ကွက်များနှင့် အနီးဝန်းကျင်ကျေးရွာများမှ လူငယ်၊ လူရွယ်ကလေးများ လမ်းမှားမရောက်ရှိရေး၊ မူးယစ်ဆေးဝါးသုံးစွဲသူများမဖြစ်စေရေးနှင့် ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် စကုမြို့ အားကစားကော်မတီမှ အမျိုးသားအားကစားပြိုင်ပွဲများအပြင် အမျိုးသမီးဘောလုံး၊ အမျိုးသမီးပိုက်ကျော်ခြင်း စသော ပြိုင်ပွဲများကို နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များအရ စကုမြို့ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသွားရမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် စကုမြို့ အားကစားကော်မတီဥက္ကဋ္ဌ ဦးထက်အောင်ဇော်က အမျိုးသမီးဘောလုံးပွဲနှင့် အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲများကို အောက်တိုဘာလဆန်းပိုင်းတွင် အစီအစဉ်များရေးဆွဲကာ ကျင်းပပေးသွားမှာဖြစ်ကြောင်းပြောကြားပြီး မြို့နယ်အားကစားမှူး ဒေါ်နှင်းက အမျိုးသမီးအားကစားပြိုင်ပွဲများ ကျင်းပသည့်အခါ မင်းဘူးမြို့ အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ပူးပေါင်းပါဝင်ကာ ကူညီပံ့ပိုးဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)