မင်းဘူး(စကု)မြို့နယ်၌ ရေဘေးသင့်အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးငွေများ ပေးအပ်

မင်းဘူး ဩဂုတ် ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုများကြောင့် ယာယီရေဘေးရှောင် ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်ကြရသည့် ထုံးမကြီးကျေးရွာမှ ရေဘေးသင့်အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးငွေများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က မန်းကျိုးကျေးရွာအုပ်စု၊ ခြင်ထောင်ကျေးရွာရှိ ပေတောဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားတွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က အဖွင့်အမှာစကားပြောကြားပြီး မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဝင်းက ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကာ တာဝန်ရှိသူများက ထုံမကြီးကျေးရွာ၌ ရေဘေးသင့်အိမ်ထောင်စုပေါင်း ၆၄ စုမှ လူဦးရေပေါင်း ၂၂၁ ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ ၁၀၅၅၀၀၀ (ကျပ် ဆယ်သိန်း ငါးသောင်း ငါးထောင်)ကျပ်တိတိကို ရေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

မင်းဘူး(စကု)မြို့နယ်၌ ဩဂုတ်လ ၂၁ ရက်နေ့အထိ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် မြစ်ကမ်းဘေးတစ်လျှောက် မြေနိမ့်ပိုင်းဒေသများ၌ နေထိုင်လျက်ရှိသော မန်းကျိုးကျေးရွာအုပ်စု ထုံမကြီးကျွေးရွာမှ အိမ်ထောင်စုပေါင်း ၆၄ စုမှ လူဦးရေပေါင်း ၂၂၁ ဦးနှင့် ကျွဲ၊ နွားတိရိစ္ဆာန်များကို ရေဘေးလွတ်ရာ ကျောက်ကုန်း၊ ပေတောဘုန်းတော်ကြီးကျောင်း၊ အောက်ကျောင်းဘုရားကြီးဝန်းအတွင်းနှင့် သံကန်တန်း(၇) စသည့် ကုန်းမြင့်နေရာဒေသများ၌ ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးလျက်ရှိကြောင်း၊ အဆိုပါရေဘေးရှောင်စခန်းများသို့ ထပ်မံပြောင်းရွှေ့ရသည့် အိမ်ထောင်စုများရှိခဲ့ပါက စာရင်းများ အတိအကျကောက်ယူ၍ ဆန်ရိက္ခာဖိုးငွေများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)