မင်းဘူး(စကု)မြို့နယ်၌ ကျေးလက်နေပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ မဲပေးတတ်စေရန် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မင်းဘူး ဩဂုတ် ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ များမကြာမီအချိန်ကာလ အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် ခေတ်စနစ်နှင့်အညီ အသုံးပြုဆောင်ရွက်မည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို ကျေးလက်နေပြည်သူများ ကိုင်တွယ်အသုံးပြု၍ မဲပေးတတ်စေရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးဆောင်ကျင်းပပြုလုပ်သည့် အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မန်းကျိုးကျေးရွာအုပ်စု၊ ခြင်ထောင်ကျေးရွာရှိ ပေတောဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်မြေများအား ထုတ်ပြန်ကြေညာခြင်း၊ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများ ကျင်းပမည့်အပိုင်းလိုက် နေ့ရက်များ သတ်မှတ်ကြေညာခြင်း၊ ရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သည့် မြို့နယ်စာရင်းများထုတ်ပြန်ခြင်းအကြောင်းအရာများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှိုင်ဝင်းက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမျာကို နှောင့်ယှက်ဟန့်တားဖျက်စီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ၏ ရည်ရွယ်ချက်နှင့် တားမြစ်ချက်များ၊ အဆိုပါဥပဒေတွင် ပါဝင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီအဆင့်ဆင့် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးထက်ဝေယံထွန်းက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အား ကိုင်တွယ်အသုံးပြု၍ မဲပေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များနှင့် အဆိုပါမဲပေးစက်၏ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာသော မန်းကျိုးကျေးရွာ၊ ခြင်ထောင်ကျေးရွာနှင့် ထုံးမကြီးကျေးရွာတို့မှ ဒေသခံများက အဆိုပါစက်၏ လုပ်ဆောင်ချက်များနှင့် သိရှိလိုသော မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီးနောက် ကျေးလက်နေပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အား စိတ်ပါဝင်စားစွာဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)