တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး လူငယ်မဟာဗျူဟာဖိုရမ် (၂ဝ၂၅) သို့ တက်ရောက်မည့် တိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံ 

ထားဝယ်     ဩဂုတ် ၂၁

တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးသက်နိုင်သည် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်(၂ဝ၂၅)သို့ တက်ရောက်မည့်တိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံပွဲအခမ်းအနားကို ယနေမွန်းလွဲ ၁ နာရီ က ထားဝယ်မြို့ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလူငယ်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက လူငယ်ကိုယ်စားလှယ်အဖွဲ့များအနေဖြင့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်သည် နိုင်ငံတော်အဆင့် ပြုလုပ်သည့်ဖိုရမ်ဖြစ်သည့်အတွက် ဆွေးနွေးမည့်အကြောင်းအရာများကို ကြိုတင်ပြင်ဆင်ထားရှိရန်၊ လူငယ်ကိုယ်စားလှယ်အဖွဲ့များအနေဖြင့် အသွားအလာ၊ အနေအထိုင်၊ ကျန်းမာရေးကို အလေးထားဂရုစိုက်ကြရန်၊ ချစ်ခင်ရင်းနှီးစွာ နေထိုင်သွားကြရန်လိုအပ်ကြောင်း၊ ယခုအခါ ပြောင်းလဲတိုးတက်နေသော နည်းပညာများကို ခေတ်နှင့်အညီတတ်မြောက်ထားရှိရန်လိုအပ်ကြောင်း၊ လူငယ်များသည်နိုင်ငံတော်၏ အနာဂတ် ခေါင်းဆောင်များဖြစ်သောကြောင့် အမှားအမှန်အကောင်းအဆိုးများကို ဝေဖန်ပိုင်ခြားသိမြင်နိုင်ရန် လိုအပ်ကြောင်း၊ ဖိုရမ်မှရရှိလာသော ဆွေးနွေးချက်များနှင့် တတ်မြောက်လာသည့် အတွေးအမြင်များကို သေချာစွာလေ့လာမှတ်သားပြီး ပြန်လည်မျှဝေပေးရန်လိုအပ်ကြောင်း၊ ဖိုရမ်သည် လူငယ်များအတွက် ပြုလုပ်သော ဖိုရမ်ဖြစ်သောကြောင့် မိမိအတွက်၊ မိမိဒေသအတွက်အကျိုးရှိကြောင်း၊ ထို့ကြောင့် ဖိုရမ်မှရရှိလာသော ဆွေးနွေးချက်များကို လေ့လာမှတ်သားပြီး လူငယ်များကို ပြန်လည်မျှဝေပေးရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးလူငယ်ကိုယ်စားလှယ်အဖွဲ့ အုပ်ချုပ်သူများနှင့်လူငယ်ကိုယ်စားလှယ်များက ကြိုတင်ပြင်ဆင်ထား ရှိမှုအခြေအနေများ နှင့်လိုအပ်သည်များကိုဆွေးနွေးရာတိုင်းဒေသကြီးလူငယ် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)