တနင်္သာရီမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ သင်တန်းဖွင့်လှစ်

တနင်္သာရီ ဩဂုတ် ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာသင်တန်းကို ဩဂုတ်လ (၂၁) ရက် နံနက် (၉) နာရီက အ.ထ.က(တနင်္သာရီ) ပညာရတနာခန်းမတွင် ဖွင့်လှစ်သည်။

မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက်များကို သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီးရှိ မဲရုံဝန်ထမ်းများအနေဖြင့် ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန်၊ မဲပေးစက်တပ်ဆင်ခြင်း၊ ထိန်းချုပ်စက်ကိုင်တွယ်ခြင်း နည်းလမ်းများကို ကျွမ်းကျင်စွာတတ်မြောက်စေရန်ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းကာလမှာ ဩဂုတ်လ (၂၁) ရက်နေ့မှ (၂၂) ရက်နေ့အထိ (၂) ရက်တာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် အမှတ် (၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများက လက်တွေ့စမ်းသပ်မဲပေးခြင်းကို ပြုလုပ်ကြကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲကို အမှတ် (၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖိလစ်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် ဆရာ/ဆရာမစုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

သီသီခိုင်(တနင်္သာရီ)