အခြေခံပညာအထက်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) တွင် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ပြည်ကြီးမဏ္ဍိုင် ဩဂုတ် ၂

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) တွင်  လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နယ်လှည့်မိုဘိုင်းနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို  ယနေ့မွန်းလွဲ (၁) နာရီခွဲက ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက မျိုးဆက်သစ်လူငယ်များအနေဖြင့် အသိပညာဗဟုသုတပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊  နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ရမည့် လူတော်၊လူကောင်းများဖြစ်လာစေရန်၊  စာပေဗဟုသုတများ တိုးပွားလာစေရန်အတွက် စာအုပ်များ ငှားရမ်းပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး  Grade-5 ကျောင်းသား/ ကျောင်းသူများအား စာအုပ်စာစောင်များ ဖတ်ရှုစေခြင်းနှင့် ငှားရမ်းပေးခြင်းကို ဆောင်ရွက်ခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် အကြောင်းအရာများပါဝင်သည့် နံရံကပ်စာစောင်များအား ပြသရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင်  ပြင်ပဗဟုသုတများ  တိုးပွားလာစေရန်အတွက် တစ်ကြိမ်လျှင် အခန်း (၂) ခန်းနှုန်းဖြင့် တစ်ပတ်လျှင် (၁) ကြိမ် Grade-3 မှစ၍ Grade-8 အထိ အလှည့်ကျ စာအုပ်စာစောင်များအား လဲလှယ်ငှားရမ်းပေးခြင်းအပြင် ဉာဏ်စမ်းပြိုင်ပွဲများလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းမှ ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)