ဘားအံ ဩဂုတ် ၂၁
မိုးရာသီတွင် ကရင်ပြည်နယ်အတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှုပိုမိုများပြားလာသည်နှင့်အညီ ဒေသတွင်းခရီးစဉ်ဒေသများနှင့် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ(၈/၂၀၂၅)အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပခဲ့သည်။
ဦးစွာ ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်းရှိ ခရီးစဉ်ဒေသတိုင်းတွင် လုံလောက်သည့်အကျယ်အဝန်းရှိသော ယာဉ်နားရန် နေရာ(ကားပါကင်)များ စနစ်တကျရှိစေရေး၊ ခရီးစဉ်ဒေသသစ်များဖော်ထုတ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန်ပြောကြားပြီး ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ ရှေ့ဆက် လုပ်ဆောင်မည့်လုပ်ငန်းစဉ်(၉)ရပ်၊ စိုက်ပျိုးရေးကိုအခြေခံသည့် ခရီးစဉ်ဒေသများ ဖော်ဆောင်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးသက်လင်းက ဒေသကော်မတီများမှ လုပ်ကိုင်ဆောင်ရွက် နေမှုများနှင့် ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြ ကာ အစည်းအဝေးသို့တက်ရောက်လာသော ကော်မတီဝင်များနှင့်ဌာနဆိုင်ရာများက ခရီးစဉ်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာများကို ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဘားအံခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဆဒ္ဒန်ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ကော့ကသောင်ဂူ၊ လွန်းညရေပြာအိုင်၊ ဇွဲကပင်တောင်၊ ကျောက်ကလပ်၊ တောင်ဝိုင်း၊ ကျုံထော်ရေတံခွန်၊ ဖောင်တော်ဦး၊ ပဒုမ္မာဂူ၊ ဘုရင့်ညီနောင်ဂူ၊ လင်းနို့ဂူ၊ နောင်ခလိုင်၊ ဣစ္ဆာသယ ဂူခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များက ခရီးစဉ်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများကဝိုင်းဝန်းအကြံပြုဆွေးနွေး တင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံး ချုပ်အမှာစကား ပြောကြားခဲ့သည်။
အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၁၁ နာရီခွဲက ကွန်ပျူတာတက္ကသိုလ်(ဘားအံ) စားသောက်ခန်းမ၌ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများနှင့်အတူ အထူးနေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။
ထိုသို့ သုံးဆောင်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကွန်ပျူတာတက္ကသိုလ်(ဘားအံ) ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အေးချမ်းပျော်ရွှင်စွာပညာသင်ကြား၍ နောင်တစ်ချိန် တိုင်းပြည်တာဝန်များ ကိုပခုံးပြောင်းထမ်းဆောင်နိုင်ရန် အတတ်ပညာရှင်၊ အသိပညာရှင်များဖြစ်အောင် ကြိုးစားကြစေလို ကြောင်း၊ တိုင်းပြည်ကလိုအပ်၍ တာဝန်ပေးအပ်ပါက ထမ်းဆောင်နိုင်ရန် အသင့်ရှိနေသူများ ဖြစ်အောင်ကြိုးစားကြစေလိုကြောင်း အားပေးစကားများပြောကြားပြီး အထူးနေ့လယ်စာအတွက် ငွေကျပ် ၁၄၆၉၀၀ဝိ/-(တစ်ဆယ့်လေးသိန်းခြောက်သောင်းကိုးထောင်)ကို ပါမောက္ခချုပ်နှင့် ကျောင်းသား၊ ကျောင်းသူများထံ ချီးမြှင့်ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)ရှိ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများနှင့် အတူ အထူးနေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြပြီး ထိုသို့နေ့လယ်စာသုံးဆောင်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လိုက်လံကြည့်ရှုအားပေး၍ အားပေးစကားများပြောကြား ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)