လွိုင်ကော် ဩဂုတ် ၂၁
၂၀၂၅ ခုနှစ်၊အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ပြည်နယ်အဆင့်အထိမ်းအမှတ်အခမ်းအနားကို ယမန်နေနံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမတွင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြည်နယ်မိခင်နှင့်ကလေးစောက်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့်နို့တိုက်မိခင်များတက်ရောက်ကြသည်။
ဦးစွာ အခြေခံပညာအလယ်တန်းကျောင်း(ဒေါတမ)မှ Grade-8 ကျောင်းသား မောင်အောင်ကျော်လင်းက “အဓိကမျှော်တွေး ကျန်းမာရေး” သီချင်းဖြင့် အဖွင့်သီချင်း သီဆိုဖျော်ဖြေခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ကအဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ပြည်သူများအားလုံး အာဟာရပြည့်ဝမျှတအောင်နေထိုင်စားသောက်ပြီးကျန်းမာရေးကောင်းမွန်စေရေး၊ အာဟာရပြည့်ဝ၍ကာယဥာဏဖွံ့ဖြိုးသည့် မျိုးဆက်သစ်များပေါ်ထွက်လာစေရေး၊ ကလေးငယ်များနှင့် အမျိုးသမီးများ၏ ကျန်းမာရေးနှင့်အာဟာရအခြေအနပိုမိုကောင်းမွန်လာစေရေးအလေးထားစီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်သူများအာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စိတ်ပါဝင်စားစွာပူးပေါင်းပါဝင်ပြီး ကျန်းမာကြံ့ခိုင်သည့်လူ့စွမ်းအားအရင်းအမြစ်ကောင်းများပေါ်ထွက်လာစေရန် “ကလေးငယ်များ အနာဂတ်လှပဖို့၊ မိခင်နို့တိုက်ကျွေးလို့၊ ရင်းနှီးမြှုပ်နှံကြပါစို့” ဟူသည့်ဆောင်ပုဒ်နှင့်အညီ မိခင်နို့တိုက်ကျွေးခြင်းမှအစပြု၍ အသက်အရွယ်အလိုက် အာဟာရစောင့်ရှောက်ခြင်း လုပ်ငန်းများပိုမိုခိုင်မာအားကောင်းလာစေရန် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း စသည်ဖြင့်ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မိခင်နို့စနစ်တကျတိုက်ကျွေးမှုစံပြမိခင်ပြိုင်ပွဲတွင် ပထမဆုရရှိသည့်မိခင်တစ်ဦးနှင့် အာဟာရဆိုင်ရာဗဟုသုတမေးခွန်းပြိုင်ပွဲ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်တွင်ပထဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများချီးမြှင့်ပေးအပ်ရာ ဆုရရှိကြသူများက အသီးသီးလက်ခံရယူကြသည်။ ထို့နောက်ပြည်နယ်အစိုးရအဖွဲ့ဝင်များက မိခင်နို့စနစ်တကျတိုက်ကျွေးမှု စံပြမိခင်ပြိုင်ပွဲတွငဆုရရှိကြသူများနှင့်အာဟာရဆိုင်ရာ ဗဟုသုတမေးခွန်းပြိုင်ပွဲ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်တွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှကျောင်းသူလေးများ၏ “ဘဝအတွက်တာ ကျောင်းကျန်းမာ” သီချင်းဖြင့် တေးသရုပ်ဖော်ဖျော်ဖြေမှုနှင့် အခြေခံပညာအလယ်တန်းကျောင်း(ဒေါတမ)မှ ကျောင်းသား၊ ကျောင်းသူများ၏“ လမ်းလျှောက်ကြမယ်” သီချင်းဖြင့် တေးသရုပ်ဖော်ဖျော်ဖြေမှုတို့အားကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် ၂၀၂၅ ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အထိမ်းအမှတ် “ကိုယ်ဝန် ဆောင်ကာလ အာဟာရ ပြည့်ပြည့်ဝဝစားကြစို့” အသိပညာပေးမှတ်တမ်းဗွီဒီယိုပြသမှုကိုကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူးကသရုပ်ပြဖျော်ဖြေခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဆုရရှိကြသူများနှင့်အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးပြားများပေးအပ်ခြင်း၊ အသက်(၅)နှစ်အောက်ကလေးငယ်များအား အင်အားပြည့်ဗီတာမင်အေဆေးလုံးများနှင့်သံချဆေးများတိုက်ကျွေးခြင်းများဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားများပြောကြားခဲ့သည်။ ထို့နောက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအထိမ်းအမှတ်ခင်းကျင်းပြသထားသည့် ကျန်းမာရေးအသိပညာပေးပြခန်းအား လှည့်လည်ကြည့်ရှအားပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)