ကသာ ဩဂုတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်ကအမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းယာယီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်နန္ဒာလင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စောကလျာက “လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာနှင့် Online ငွေကြေး လိမ်လည်မှုဆိုင်ရာ အသိပညာပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးက “မိုးကြိုးအန္တရာယ်ဘေးအန္တရာယ်ဆိုင်ရာနှင့်ငလျင်ဘေးအန္တရာယ်ဆိုင်ရာ”ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ပြီး ငွေကြေးလိမ်လည်မှုvideo clip ကို ပြသခဲ့သည်။
ဆက်လက်ပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မိုးမိုးငြိမ်းက “အမှိုက်အမျိုးအစားများ ခွဲခြားစွန့်ပစ်ခြင်းနှင့် ပလပ်စတစ်ညစ်ညမ်းမှု” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကသာခရိုင်ရဲတပ်ဖွဲ့ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းလွင်က “အနာဂတ်နှင့် လူငယ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး အသိပညာပေးဟောပြောပွဲသို့ တက်ရောက် လာကြသည့် ကျောင်းသား/ကျောင်းသူများက အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး အမှတ်(၃)အခြေခံအလယ်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်ကြီးက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ကသာခရိုင် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များက ကလေးအလုပ်သမားနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။
ကျော်စွာထွန်း(ကသာ)