စေတုတ္တရာမြို့နယ်၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစစ်ဆေး

စေတုတ္တရာ ဩဂုတ် ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်း ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ဆောင်ရွက်ခဲ့သည်။

ကျောင်းကျန်းမာရေးသီတင်းပတ်ဆောင်ရွက်ရာတွင် ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမနှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး လက်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ နည်းစနစ်မှန်သွားတိုက်ခြင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရန်နှင့် မိုးတွင်းကာလကလေးငယ်များတွင် ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသား၊ ကျောင်းသူများအားလုံး တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးပေးခြင်းများ‌ ဆောင်ရွက်ခဲ့သည်။

စေတုတ္တရာမြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းကျန်ရှိသည့် အခြေခံပညာကျောင်းမျာသို့ ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းတို့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)