ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆောင်ရွက်

ငဖဲ ဩဂုတ် ၂၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာအုပ်စာပေချစ်မြတ်နိုးသူများ ပူးပေါင်းပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍  ယနေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၄ ခုနှစ် စက်တင်ဘာလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာအုပ်ကို စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသက်နောင်ထွန်းက သုတရသစာအုပ်စာပေများ ဖတ်ရှုလေ့လာပြီး ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အကျင့်ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍စာဖတ်ဝိုင်းများကို ပုံမှန်ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး Book Club အဖွဲ့ဝင် ဒေါ်ဝါဝါထိုက်က သန့်လွင်ထွန်း (MPA) ရေးသားသည့် လူကုန်ကူးမှုပပျောက်ရေး ဆောင်းပါးပါ လူကုန်ကူးခြင်းသည် အဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ လိင်ကျွန်ပြုခြင်းသို့မဟုတ် စီးပွားဖြစ်လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းတို့ကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ လုပ်ဆောင်ကြခြင်းဖြစ်ကြောင်းနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ဦးဆောင်ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ Book Club အဖွဲ့ဝင် မအေးမိစံ က ၂၀၂၄ ခုနှစ် စက်တင်ဘာလထုတ် သုတပဒေသာ နှင့် လူငယ်ရေးရာစာစောင်ပါ ကိုရင်ကျော်ရေးသားသည့် အောင်မြင်ရန်မိနစ် ၃၀ ဆောင်းပါးပါ ကျန်းမာပျော်ရွှင်အောင်မြင်သောဘဝကို ပိုင်ဆိုင်နိုင်ရန်နေ့စဉ် ပြုလုပ်ရမည့် မိနစ် ၃၀ စာ လေ့ကျင့်ခန်းများ အကြောင်းကို ထုတ်နှုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့် ကျောင်းသားကျောင်းသူများက စာအုပ်ပါအကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာအုပ်တွင် လူငယ်ရေးရာကဏ္ဍ၊ နိုင်ငံတကာဆိုင်ရာ၊ အဂတိလိုက်စားမှု၊ သဘာဝပတ်ဝန်းကျင်၊ အကြမ်းဖက်မှု၊ ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ စီးပွားရေး၊ ဖြစ်ရပ်မှန် စသည့် သိမှတ်ဖွယ်ရာများပါဝင်ပြီး လူငယ်များအနေဖြင့် ဖတ်ရှုသင့်သောစာအုပ်ကောင်း တစ်အုပ်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)