မြိတ် ဩဂုတ် ၂၁
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက မြိတ်မြို့ ပုလဲရတနာခန်းမတွင် မြိတ်မြို့နယ်ရဲမှုထမ်းဟောင်းများအဖွဲ့သို့ ရန်ပုံငွေပေးအပ်ခြင်းနှင့် ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ၏သားသမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲသို့ တက်ရောက် သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြိတ်မြို့နယ်ရဲမှုထမ်းဟောင်းများအဖွဲ့သို့ သာရေးနာရေးထောက်ပံ့ပေးနိုင်ရန် ရန်ပုံငွေတိုးတက်ရရှိရေးနှင့် ရုံးမြေနေရာရရှိရေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့်ပေါင်းစပ်ပြီး မြို့သန့်ရှင်းသာယာလှပရေးဆောင်ရွက်ရန်၊ ပြည်တွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်ရေး၊ အေးချမ်းသာယာရေးလုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ကလေးများကို ပညာရည်ချွန်ဆုပေးခြင်းနှင့်အတူ ပညာသင်ထောက်ပံ့ကြေးပေးနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြိတ်မြို့နယ်ရဲမှုထမ်းဟောင်းများအဖွဲ့သို့ ရန်ပုံငွေ ကျပ်သိန်း(၇၀) နှင့် လက်ဆောင်ပစ္စည်းများပေးအပ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူး(၃)ဘာသာဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူအား ပညာရည်ချွန်ဆုချီးမြှင့်သည်။ ဆက်လက်၍ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင်နှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်ထွန်းတို့က ထူးချွန်စွာအောင်မြင်ခဲ့သူများအား ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်ကြသည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်လျက်ရှိသည့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းတွင် သက်ဆိုင်ရာမဲဆန္ဒနယ်များရှိ မဲရုံတာဝန် ထမ်းဆောင်ကြမည့်သူများအား မဲပေးစက်တပ်ဆင်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် မဲပေးစက်အသုံးပြုခြင်း လုပ်ငန်းစဉ်များကို ကျွမ်းကျင်စွာတတ်မြောက်စေရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများနှင့် သင်တန်းနည်းပြများမှ လက်တွေ့သင်ကြားလေ့ကျင့် ပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )