နတ်မောက် ဩဂုတ် ၂၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးရုံးတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာများကို အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိက ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတွင် ကလေးသူငယ်များ အသက်ရှင်သန်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်ယူသည့် အုပ်စု(၄)စုရှိ ထိခိုက်လွယ်သောအုပ်စုတွင် ကလေး၊ ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အိုနှင့် အမျိုးသမီးတို့ပါဝင်ကြောင်း၊ ကလေးသူငယ်တို့၏ ကျင့်ဝတ်စည်းကမ်းများနှင့် မိဘ၊ အုပ်ထိန်းသူ၊ ဆရာ၊ ဆရာမများ၏ တာဝန်တတ္တရားများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအမံများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများကလည်း အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြရာ တတ်ရောက်လာကြသည့် ဌာနဆိုင်ရာများအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရှိ ဝန်ထမ်းများက မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ၏ ကလေးအလုပ်သမားနှင့်သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းချက် ကောက်နုတ်ချက်များစာအုပ်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
လှဝင်း