သရက်မြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ (၂၀၂၅ ခုနှစ်၊ ဩဂုတ်လ) လှုပ်ရှားမှုအခမ်းအနား ကျင်းပ

သရက် ဩဂုတ် ၂၁

မကွေးတိုင်းဒေသကြီး သရက်မြို့၌ သရက်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ(၂၀၂၅ ခုနှစ်၊ ဩဂုတ်လ)လှုပ်ရှားမှုအခမ်းအနားကျင်းပခြင်းကို ယနေ့နံနက် ၁၀ နာရီက ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုများကို အာဟာရဆိုင်ရာ အသိဉာဏ်ဗဟုသုတများရရှိစေပြီး ပြည်သူလူထုအတွင်း အာဟာရအသိပညာများ ဖြန့်ဖြူးပေးရန်နှင့် အာဟာရစောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများရရှိရေး ပြုစုပျိုးထောင်ရာတွင် အာဟာရဖွံ့ဖြိုးရေးသည် အရေးကြီးသောကဏ္ဍမှ ပါဝင်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအုပ်စိုးလင်းမှ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်ဆောင်ရွက်မှုနှင့်ပတ်သက်၍ ပြောကြားသည်။ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အုပ်စိုးလင်းနှင့် တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်များအား လက်ဆောင်ပစ္စည်းပေးအပ်ခြင်း၊ (၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်(A)ဆေးလုံးတိုက်ကျွေးပြီး လက်ဆောင်ပစ္စည်းများပေးကာ အခမ်းအနားအပြီးတွင် ခင်းကျင်းပြသထားသည့် အာဟာရအမျိုးအမည်များအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)