ကန့်ဘလူမြို့၌ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အခမ်းအနားကျင်းပ

ကန့်ဘလူ ဩဂုတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် အခမ်းအနားကို ယမန်နေ့နံနက်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင် ဒေါ်အေးအေးအောင်က ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနေမိုးက အာဟာရဖွံ့ဖြိုးရေးနှင့် ကိုယ်ဝန်ဆောင်များ လိုက်နာရမည့်အချက်များကို ရှင်းလင်းပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဆရာမကြီး ဒေါ်ဝင်းမြိုင်က နို့တိုက်မိခင်များ နို့ကိုစနစ်တကျ တိုက်ကျွေးတတ်စေရန်နှင့် အာဟာရပြည့်ဝစွာ စားသုံးတတ်စေရန် အသိပညာပေး ဟောပြော ကြသည်။

ထို့နောက် ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့က ကိုယ်ဝန်ဆောင်များအား အာဟာရဖြည့်စွက်စာနှင့် ကိုယ်ဝန်ဆောင်အားတိုးဆေးများ ထောက်ပံ့ ပေးအပ်ခြင်းနှင့် နို့တိုက်မိခင်စံပြမိခင်ဆု ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း