ကျွန်းလှ ဩဂုတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် စပါးအပြင် သီးနှံမျိုးစုံဧက ၇၂၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများမှာ မိုးကောင်းသောက်ဖြစ်သော်လည်း ဒီနှစ်မိုးရာသီ သီးနှံမျိုးစုံစိုက်ပျိုးဖို့အတွက် ၇၆၉၇၈ ဧက လျာထားပါတယ်။ ယနေ့ထိစပါး ၂၉၅၇၂ ဧက၊ ပဲမျိုးစုံ ၁၆၉၆၀ ဧက၊ ဆီထွက်သီးနှံ ၇၃၂၄ ဧက၊ အခြားသီးနှံ ၁၇၄၂၆ ဧက၊ နှစ်ရှည်ပင် ၁၅၄၉ ဧက စုစုပေါင်း ၇၂၈၃၁ ဧက (၉၄ ဒသမ ၆၁)ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ပါတယ်။ လျာထားချက် ပြည့်မီရေးအတွက် ဆက်လက်စ်ုက်ပျိုးနေကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ မိုးစပါးနှင့် သီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့်များရရှိရေး ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေးပညာပေးခြင်း၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ စနစ်တကျသုံးစွဲရေး၊ ပိုးမွှားကျရောက်မှုကြိုတင်ကာကွယ် ရေးနည်းလမ်းများ ကွင်းဆင်း အသိပညာပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်ကြကြောင်း၊ ဒေသခံပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင်အခွင့်လမ်းများ ရရှိနေကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ