မင်းဘူး ဩဂုတ် ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယမန်နေ့ညနေပိုင်းအချိန်ထိ ဧရာဝတီမြစ်ရေဝင်ရောက်မှုများကြောင့် ယာယီရေဘေးရှောင် ကယ်ဆယ်ရေးစခန်းများသို့ အိမ်ထောင်စုပေါင်း ၆၀ ကျော်ကို ကြိုတင်ပြောင်းရွှေ့ပေးထားကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ယခုရက်ပိုင်း ဧရာဝတီမြစ်ရေ သိသိသာသာတိုးမြင့်ဝင်ရောက်မှုကြောင့် မန်းကျိုးကျေးရွာအုပ်စု၊ ထုံးမကြီးကျေးရွာမှ အိမ်ထောင်စုပေါင်း (၆၄)စု၊ လူဦးရေပေါင်း (၂၂၁)ဦးနှင့် ကျွဲ၊ နွားတိရိစ္ဆာန်များကို ရေဘေးလွတ်ရာ ကျောက်ကုန်း၊ ပေတောဘုန်းတော်ကြီးကျောင်း၊ အောက်ကျောင်းဘုရားကြီးဝန်းအတွင်းနှင့် သံကန်တန်း(၇)စသည့် ကုန်းမြင့်နေရာဒေသများ၌ ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးလျက်ရှိကြောင်း၊ အဆိုပါရေဘေးသင့်အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးငွေများ အချိန်မီပေးအပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး ယာယီပြောင်ရွှေ့နေထိုင်ကြရသည့် ထပ်တိုးအိမ်ထောင်စုစာရင်းများကို အချိန်နှင့်တပြေးညီ စားရင်းများကောက်ယူ၍ နေရာချထားပေးလျက်ရှိကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က ပြောသည်။
မင်းဘူး(စကု)မြို့နယ်၌ ဧရာတီမြစ် စိုးရိမ်ရေအမှတ်သည် ၁၇၀၀ စင်တီမီတာဖြစ်ပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူးဦးစီးဌာန၏ ဩဂုတ်လ ၂၀ ရက်၊ ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် မင်းဘူးမြို့တွင် ၁၅၀၇ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်ကို ရောက်ရှိရန် ၁၉၃ စင်တီမီတာလိုသေးကြောင်း၊ ယခုလက်ရှိ မြစ်ရေဝင်ရောက်မှုများသည် မြေနိမ့်ပိုင်းဒေသများဖြစ်၍ နှစ်စဉ်နှစ်တိုင်း ဧရာဝတီမြေရေဝင်ရောက်လေ့ရှိသည့် ဒေသများဖြစ်ကာ ယခုနှစ် မိုးတွင်းကာလ၌ ဧရာဝတီမြစ်ရေသည် ဒုတိယအကြိမ် တိုးမြင့်ဝင်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)