စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ သမိုင်းဝင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး(ဒုတိယအကြိမ်) အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

မုံရွာ ဩဂုတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ သမိုင်းဝင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး(ဒုတိယအကြိမ်) အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရှိ ဘောဂရံသီဓမ္မာရုံကြီး၌ကျင်းပပြုလုပ်ရာ အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး မုံရွာမြို့၊ သာစံကျောင်းတိုက်ကြီး၏ဦးစီးပဓာနနာယက၊ ဘဒ္ဒန္တတေဇဝန္တ သက်တော်ရှည် ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက လှူဖွယ်ဝတ္ထုပစ္စည်းများအား အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ အလှူရှင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဆုတောင်းပြည့် စေတီတော်ကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးနှင့် စေတီတော်ကြီး ဘဏ္ဍာရေးမှူးတို့ထံ အလှူငွေများပေးအပ်လှူဒါန်းကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက် မုံရွာမြို့၊ မဟာဇောတိကာရာမကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တ ဝိဇ္ဇောဒယဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များက အနုမော ဒနာတရားနာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓ သာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။   

အဆိုပါ မုံရွာမြို့၊ သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်ကြီး လုံးတော်ပြည့်ရွှေ သင်္ကန်းကပ်လှူ ပူဇော်နိုင်ရေး (ဒုတိယအကြိမ်) အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင် အလှူရှင် ၂၇၅ ဦးမှ အလှူငွေကျပ် စုစုပေါင်း ၈၅၁၆,၁၁,၅၀၀(သိန်းပေါင်းရှစ်ထောင်ငါးရာတစ်ဆယ်ခြောက်သိန်း တစ်သောင်းတစ်ထောင့် ငါးရာ)ကျပ်အား ပေးအပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မုံရွာမြို့၊ သမိုင်းဝင် ဆုတောင်းပြည့်စေတီတော်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်ရန်အတွက် စေတီတော်ကြီးတစ်ပတ် လိုက်လံဖူမြော်ကြည်ညိုခဲ့ကြပြီး စေတီတော်ကြီးအား လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာဖြင့်ဖူးမြော်နိုင်ရေးအတွက် စေတီတော်ကြီးပတ်ဝန်းကျင်အား အမြဲသန့်ရှင်းသပ်ရပ်ရေးအတွက် ဂေါပကအဖွဲ့ဝင်များက အလေးထား ဆောင်ရွက်သွားရေးတို့အား မှာကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)