တနင်္သာရီတိုင်းဒေသကြီးတွင် ဒီရေတောသစ်ပင်များကို နှစ်စဉ်စိုက်ပျိုးခြင်းနှင့် ဒီရေတောထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်

ကျွန်းစု   ဩဂုတ်    ၂၁

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ ဩဂုတ် ၂၀ ရက် မွန်းလွဲပိုင်းက ကျွန်းစုမြို့နယ်တွင် ကတ္တလူကျေးရွာ၌ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဒီရေတောသစ်ပင် စိုက်ပျိုးပွဲတော်တက်ရောက်၍ ဒီရေတောသစ်ပင်များ စုပေါင်းစိုက်ပျိုးပေးကြပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသော ခေတ်မီရေငန် ပုစွန်မွေးမြူရေးလုပ်ငန်းကို သွားရောက်ကြည့်ရှု အားပေးသည်။

ဒီရေတောသစ်ပင်စိုက်ပျိုးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာ များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများအား ဒီရေတောပျိုးပင်များ ဖြန့်ဝေပေးအပ်ခဲ့ကြပြီး ဝန်ကြီးချုပ်ဦးဆောင်၍ ဒီရေတောသစ်ပင်များကို စုပေါင်းစိုက်ပျိုးကြသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသူများ ဒီရေတောသစ်ပင် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး လေကာတန်း အုန်းပင်များကို  စိုက်ပျိုးပေးကြသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ဒီရေတောပျိုးပင်များဖြစ်သော လမုနှစ်ပင်၊ ပင်လယ်အုန်းနှစ်ပင်၊ နှံဗြူးနှစ်ပင်၊ သမဲ့သုံးပင်၊ ဗြူးအုပ်ဆောင်း ၁၀၀၁ ပင်၊ ဗြူးခြေထာက်ပင် ၂၀၀နှင့် ဒေသမျိုးအုန်းပင် ၂၀၀ ကို စိုက်ပျိုးခဲ့ကြသည်။ တနင်္သာရီတိုင်းဒေသကြီးတွင် ဒီရေတောသစ်ပင်များကို နှစ်စဉ်စိုက်ပျိုးခြင်းနှင့် ဒီရေတော ထိန်းသိမ်းရေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။

တနင်္သာရီတိုင်းဒေသကြီး၏ ဒီရေတောဂေဟစနစ်များသည် ကမ်းရိုးတန်းဒေသနေ ပြည်သူများ၏ အခြေခံစားဝတ်နေရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိသည့်အပြင် သဘာဝဘေးအန္တရာယ်များနှင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများမှ တားဆီးကာကွယ်ပေး လျက်ရှိသဖြင့် နိုင်ငံ၏ရေရှည်ဖွံ့ဖြိုးမှု ပန်းတိုင်များရရှိရေးကို အထောက်အကူပြုလျက်ရှိသည်။

သစ်ပင်စိုက်ပျိုးပွဲအပြီးတွင်  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကတ္တလူကျေးရွာတွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် ပြည့်ဖြိုးထွန်းကုမ္ပဏီ၏ ခေတ်မီရေငန်ပုစွန်မွေးမြူရေး စီမံကိန်းတွင် ကတ္တလူခေတ်မီ ရေငန်ပုစွန်မွေးမြူရေးဆောင်ရွက်နေမှုအား ပြည့်ဖြိုးထွန်းကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးလှသန်းက ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပုစွန်မွေးမြူရေးကန် (၆၄)ကန်ကို  ကြည့်ရှုအားပေးကြသည်။

ထို့နောက် ကျွန်းစုမြို့ အမှတ်(၄)ရပ်ကွက်၌ ထပ်မံတိုးချဲ့နေသော ပုစွန်မြူရေးကန်(၇၆)ကန်တွင် တိုးချဲ့ ဆောင်ရွက်ပြီးစီးသည့် ပုစွန်ကန်(၃၀) စမ်းသပ်မွေးမြူထားရှိမှုကို  တောင်ပေါ် view point မှ ကြည့်ရှုအားပေးကြသည်။  ထပ်မံတိုးချဲ့နေသော ပုစွန်မြူရေးကန်များတွင် ကျန်ရှိသော (၄၆)ကန်ကို လာမည့်ပွင့်လင်းရာသီတွင်  ပုစွန်မွေးမြူနိုင်သည့်အထိ အကောင်ထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 ဆက်လက်၍ တိုးချဲ့ဆောင်ရွက်နေသော အမှတ်(၄)ရပ်ကွက် ပုစွန်‌မွေးမြူရေးလုပ်ငန်းတွင် အသုံးပြုရန် 0.4 kv to 11kv step up  အမျိူးအစား 4MVA ထရန်စဖော်မာကြီး နှစ်လုံးနှင့်တွဲပြီး 1450 kva  မီးစက်ကြီးများ တပ်ဆင်ထားသော Power house အား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။ အဆိုပါ Power house   နှင့် ဘက်ထရီစနစ် ထောက်ပံ့ပေးထားသော ၂ ဒသမ ၇ မီဂ္ဂါဝပ် ဆိုလာတစ်ချပ်လျင် (၇၁၀) ဝပ် အား ထွက်ရှိသော ဆိုလာစွမ်းအင်စနစ် တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 ခိုင်ထူး ( ပြန်/ဆက်)