ပြည်ကြီးမဏ္ဍိုင် ဩဂုတ် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်ဖြင့် စာအုပ်၊ စာစောင်ငှားရမ်းခြင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ကေခိုင်ဝင်းက မျိုးဆက်သစ်လူငယ်များအနေဖြင့် အသိပညာဗဟုသုတပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ရမည့် လူတော်လူကောင်းများဖြစ်လာစေရန်၊ စာပေဗဟုသုတများ တိုးပွားလာစေရန်အတွက် စာအုပ်များ ငှားရမ်းပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး Grade-3 နှင့် Grade-4 ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များဖတ်ရှုစေခြင်းနှင့် ငှားရမ်းပေးခြင်းကို ဆောင်ရွက်ခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားလာစေရန်အတွက် တစ်ကြိမ်လျှင် အခန်း(၂)ခန်းနှုန်းဖြင့် တစ်ပတ်လျှင်(၁)ကြိမ် Grade-3 မှစ၍ Grade-8 အထိ အလှည့်ကျ စာအုပ်စာစောင်များအား လဲလှယ်ငှားရမ်းပေးခြင်းအပြင် ဉာဏ်စမ်းပြိုင်ပွဲများလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒုတိယဦးစီးမှူး၊ ဒေါ်ကေခိုင်ဝင်းမှထံမှ သိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)