မင်းလှမြို့၌ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်/စာစောင်ပြပွဲကျင်းပ

အထက်မင်းလှ ဩဂုတ် ၂၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ရှောင်ရန်၊ ဆောင်ရန်အချက်များအား သိရှိနိုင်စေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဥယျာဉ်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းသိန်းက ယခုကဲ့သို့ မိုးရာသီအချိန်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိုးရေကျသော ရေကန်များ၊ ချောင်း၊ မြောင်း၊ အင်းအိုင်များ စသည့်နေရာများတွင် သွားရောက်၍ရေဆော့ ကစားခြင်းများ မပြုလုပ်ရန်၊ လေပြင်းတိုက်ခတ် နေစဉ် မိုးသီးကြွေခြင်း၊ မိုးထစ်ချုန်းရွာခြင်း ဖြစ်ပေါ်ပါက သတိပြုလိုက်နာရမည့်အချက်များ၊ လေပြင်းဘေးအတွက် ကြိုတင်ပြင်ဆင်ရန် စသည့်အချက်များနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုး​ကြိုးဘေး၊ မြေပြိုဘေးများနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန် အချက်များအား ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် “ ဗဟုသုတကြွယ်ဝဖို့စာကြည့်တိုက်ကိုသွားကြစို့” “မိုးကြိုးဘေးနှင့်ငလျင်ဘေးများအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲများ ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအား စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)