ဘားအံ ဩဂုတ် ၂၀
အားကစားကိုလေ့လာလိုက်စား၍ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်လာစေရန် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ၂၀၂၅ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲကို ဩဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့ကျင်းပသည့်ပြိုင်ပွဲသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း ရန်ကုန်မြို့၌ ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ကရင် ပြည်နယ်အသင်းဖွဲ့စည်းရန် ရွေးချယ်ကျင်းပသည့် ပြိုင်ပွဲဖြစ်ကြောင်း၊ ကရင်ပြည်နယ် အေရိုးဗစ်အသင်းအနေဖြင့် အောင်မြင်မှုအစဉ်အလာကောင်းများရှိခဲ့ပြီး ယခုနှစ်တွင်လည်း အောင်မြင်မှုဆုဖလားများ ယူဆောင်ပေးနိုင်ရန် ကြိုးစားယှဉ်ပြိုင်ကြစေလိုပြီး ပြည်နယ်ကိုယ်စားပြုအားကစား သမားများကို အကောင်းဆုံးရွေးချယ်ပေးကြစေလိုကြောင်း ပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင် မြို့နယ်အသင်း (၇) သင်းမှ အားကစားသမား ၉၈ ဦးတို့သည် အားကစားသစ္စာအဓိဌာန်ကို ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲဝင်အားကစားအသင်းများကို ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ အသင်းတစ်သင်းလျှင် ငွေကျပ်သိန်း (၂၀) စီ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြိုင်ပွဲဝင်အားကစားအဖွဲ့များ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီး အမျိုးသမီး (၉) ယောက် တွဲပြိုင်ပွဲကိုစတင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)