နတ်မောက်မြို့နယ်တွင် မိုးနှမ်းလျင်များ စတင်ရိတ်သိမ်း၍ ဈေးကောင်းရရန်မျှော်လင့်

နတ်မောက် ဩဂုတ် ၂၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ တောင်သူများ၏ ယာမြေများတွင် စိုက်ပျိုးထားရှိသော မိုးနှမ်းများ ဩဂုတ်လလယ်ခန့်မှ စတင်ရိတ်သိမ်းလျက်ရှိပြီး ဈေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။          

နတ်မောက်မြို့နယ်ရှိ စပါးစိုက်ပျိုး၍မရသော ယာမြေများတွင် ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ မြေပဲ၊ နေကြာများကို အားထားစိုက်ပျိုးခဲ့ရာ မိုးနှမ်းသည် တောင်သူအများဆုံးစိုက်ပျိုးသည့် သီးနှံတစ်မျိုးဖြစ်ကြောင်း၊ မိုးနှမ်းကို မေလလယ်မှ စတင်စိုက်ပျိုးပြီး အထွက်နှုန်းအနေဖြင့် ပိုးမွှားကင်းစင်ပြီး အသီးသီးနှုန်းအားကောင်းပါက တစ်ဧက ၁၆ တင်းခန့် ထွက်ရှိကြောင်း၊ ယခုနှစ်က မိုးရွာသွန်းမှုများသည့်အတွက် ပျက်စီးဆုံးရှုံးသည့် တောင်သူများလည်းရှိကြောင်း၊  “ယခုချိန်က နှမ်းရိတ်၊ မြေပဲသိမ်းချိန်ဆိုတော့ ကျေးရွာတွင်းမှာရှိတဲ့သူတွေလည်း အလုပ်အကိုင်တွေရလာတာပေါ့၊ လုပ်အားခအနေနဲ့က နှမ်းစီး၊ နှမ်းထောင်က တစ်နေ့လုပ်အားခ ၁၂၀၀၀ ပေးရပါတယ်၊ မြေပဲနှုတ်၊ မြေပဲဆွတ်သူတွေလည်း ပဲတစ်တင်းကို ကျပ် ငါးထောင်ထိ ဈေးပေးရပါတယ်”ဟု တောင်သူများက ပြောကြားခဲ့သည်။

နှမ်းလျင်သီးနှံများသည်  စိုက်ပျိုးပြီးချိန်ရက်ပေါင်း (၈၀)ခန့်ရှိပြီးဖြစ်၍ ရင့်မှည့်လာသဖြင့် တောင်သူများသည် ဩဂုတ်လလယ်မှ စတင်နှုတ်သိမ်းနေခြင်းဖြစ်ပြီး ယခုအခါ နှမ်းပုံများ၊ နှမ်းထောင်များကို စုပုံထားရှိပြီး မကြာမီ နှမ်းခါခြင်းလုပ်ငန်းများ ဆောင်ရွက်ကြမည်ဖြစ်သဖြင့် နှမ်းဈေးကောင်းရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။

မူမူစန်း