နတ်မောက် ဩဂုတ် ၂၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတပြည့်ဝစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ လူငယ်ရေးရာဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်သိမ့်သိမ့်မိုး ဦးစီးအရာရှိ(တွဲဖက်)က လူငယ်ရေးရာဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလနှင့် ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရန် လေ့လာသင်ယူစေချင်ပါကြောင်း၊ နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး မိမိ ရည်မှန်းထားသည့် ဘဝများ ပိုင်ဆိုင်ရန်အတွက် ကျောင်းစာကို သင်ယူနေကြပြီး ပြင်ပဗဟုသုတများကို လေ့လာစေချင်ပါကြောင်းနှင့် လူငယ်များ အတွေးခေါ်မှန်ကန်စေရေး၊ အသိပညာ၊ အတတ်ပညာဖြင့် ပြည့်စုံသော လူငယ်များဖြစ်ပေါ်စေရန်အတွက် ယခုလိုလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ ပြုလုပ်ရခြင်းဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူငယ်အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မူမူစန်း