ပြည်ကြီးမဏ္ဍိုင် ဩဂုတ် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခြေခံပညာဦးစီးဌာနမှ လက်ထောက်မူပြ ဒေါ်သီတာအေးမောင်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများဖြစ်သည့် အရွယ်မတိုင်မီ ကလေးအလုပ်သမားဘဝသို့ မရောက်စေရန်အတွက် မိဘများမှသတိထားရမည့် အချက်များ၊ ငယ်ရွယ်စဉ်ဘဝတွင် ပညာရေးကို ဦးစားပေးသင့်သည့်အခြေအနေများ၊ မိဘနှင့်သားသမီးကြားဆက်ဆံရေးအကြောင်းအရာများ၊ ကလေးငယ်များ လမ်းမှန်ပေါ်ရောက်ရှိစေရန် ထိန်းကျောင်းပေးရမည့် အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များအား ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)