စကုမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တောင်ရပ်ကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ ကျင်းပ

မင်းဘူး ဩဂုတ် ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တောင်ရပ်ကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်  ကျောင်းကောင်စီဥက္ကဋ္ဌဖလား ကျောင်းသားလူငယ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီက စကုမြို့အားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ စကုမြို့အုပ်ချုပ်ရေးမှူး ဦးချိုစန်းလွင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ဘိုမက အခြေခံပညာအဆင့် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ကျင်းပပေးခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အသင်းလိုက် စုဖွဲ့ဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စနစ်သစ်ပညာရေးတွင် ဘက်စုံထူးချွန်ထက်မြက်နေစေရန်ရည်ရွယ်၍ ဘောလုံးပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ဗိုလ်လုပွဲသို့တက်ရောက်မည့် အလောင်းဘုရားအသင်းနှင့် အနော်ရထာအသင်းက ကွင်းအတွင်းနေရာယူပြီး ယှဉ်ပြိုင်ကစားကြရာ အနော်ရထာအသင်းက ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။ ထို့နောက် ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဆုများပေးအပ်ချီးမြှင့်ရာ ပထမဆုရရှိသည့် အနော်ရထာအသင်းအား တစ်ဦးချင်း ရွှေဆွဲပြားဆုနှင့် တံခွန်စိုက်ဆုဖလားအား စကုမြို့ အုပ်ချုပ်ရေးမှူး ဦးချိုစန်းလွင်ဦး၊ ဒုတိယရရှိသည့် အလောင်းဘုရားအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ရွှေဆွဲပြားများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ဘိုမနှင့် ဂိုးသွင်းအများဆုံးဆု၊ နေရာလိုက်အကောင်းဆုံးကစားသမားဆု၊ ပွဲစဉ်တစ်လျှောက်လုံး အကောင်းဆုံးကစားသမားဆုတို့ကို အားကစားကော်မတီဥက္ကဋ္ဌ ဦးထက်အောင်ဇော်တို့က  ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)