ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

ပြည်ကြီးမဏ္ဍိုင်  ဩဂုတ် ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့က အခြေခံပညာအလယ်တန်းကျောင်း(ပြည်ကြီးမဏ္ဍိုင်)ခန်းမတွင်  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး နော်ဖောဆေးဝါးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက ကျောင်းသား၊ ကျောင်းသူများ  ဗလငါးတန်နှင့်ပြည့်စုံရေး၊ အသိပညာဗဟုသုတ  ပြည့်စုံစေရေး၊ နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားစေရေး၊ လူငယ်အချင်းချင်း အသိပညာဖလှယ်မှုရရှိစေရေး၊ အစုအဖွဲ့များတွင် အချင်းချင်းပူးပေါင်းတတ်စေရန်၊ အဖွဲ့အစည်းများတွင် ဦးဆောင်ဆွေးနွေး သူများအနေဖြင့် ပါဝင်ဆွေးနွေးတက်စေရန်စသည့် လူငယ်စကားဝိုင်း  ကျင်းပရသည့်  ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  လူငယ်စကားဝိုင်းကို ကျင်းပရာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  အငယ်တန်းစာရေး ဒေါ်ချမ်းချမ်းမြေ့က ဦးဆောင်၍ Grade-8 မှ ကျောင်းသား၊ ကျောင်းသူများဖြစ်သော မောင်လင်းထွဋ်ကျော်က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်ဝဏ္ဏကျော်က “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအိန္ဒြာမြင့်မိုရ်က “လူငယ်နှင့်ကိုယ်ကျင့်တရား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအေးသန္တာအောင်းက“ မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာကြ သည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသည့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)