ကျွန်းလှမြို့နယ်၌ တစ်ပိုင်တစ်နိုင် ခဝဲသီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကျွန်းလှ ဩဂုတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံကို ချောင်းရေ၊ မြောင်းရေနှင့် မြေအောက်ရေတင်ပြီး ရာသီအလိုက်စိုက်ပျိုးကြရာ ယခုနှစ်မိုးရာသီ တစ်ပိုင်တစ်နိုင် ခဝဲသီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“ကျွန်တော် ဒီနှစ် မိုးရာသီမှာ ခဝဲအပင် ၅၀၀ စိုက်ပျိုးပြီး မျိုးဖိုး၊ မြေဩဇာဖိုးနဲ့ လုပ်အားခအပါဝင် ငွေကျပ် ၇၀၀၀၀ ခန့်ကုန်ကျပါတယ်။ အခုအခါ ခဝဲသီးများ ဆွတ်ခူးရောင်းချနေရပြီးဖြစ်ပါတယ်။ အရင်နှစ်က ခဝဲသီးတစ်ပိဿာ ငွေကျပ် ၁၂၀၀ ရောင်းရသော်လည်း ယခုလက်ရှိမှာ ငွေကျပ် ၂၀၀၀ ရောင်းရပါတယ်။ ခဝဲစိုက်ပျိုးရာမှာ ကုန်ကျစရိတ်သက်သာပြီး တောင်သူတွက်ခြေကိုက် သီးနှံဖြစ်ပါတယ်” ဟု မန်ကျည်းအင်းကျေးရွာ ခဝဲစိုက်တောင်သူတစ်ဦးကပြောသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးရာသီ၌ ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံ ၅၁၇ ဧကစိုက်ပျိုးနိုင်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝမြေဩဇာ၊ သဘာဝပိုးအားဆေး၊ သဘာဝပိုးသတ်ဆေး၊ ပိုးနှင်ဆေးများ ပြုလုပ်သုံးစွဲရေးနှင့် စိုက်ပျိုးရေးဆိုင်ရာနည်းလမ်းများ အသိပညာပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို(ပြန်/ဆက်)