တမူး ဩဂုတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် မှုခင်းပိုင်းဆိုင်ရာ မူးယစ်ဆေးဝါး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းကဘော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် တမူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်မင်း၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဇော်ထွန်းတို့က မှုခင်းပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ ပြစ်မှုပြစ်ဒဏ်များ၊ ဆောင်ရန် ရှောင်ရန်များကိုလည်းကောင်း တမူးခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှဌေးနှင့်စစ်ဆေးရေးမှူး ဦးဝဏ္ဏအောင်တို့က ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏မူဝါဒများ၊ လမ်းညွှန်ချက်များ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ မူးယစ်တပ်ဖွဲ့စု(၇)မှ တပ်ဖွဲ့စုမှူး ရဲမှူးစိုးပိုင်က မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ဆိုးကျိုးများ ပြစ်မှုပြစ်ဒဏ်များ၊ အမှတ်(၁၁၂)ယာဉ်ထိန်း တပ်ဖွဲ့စုမှူး ရဲအုပ်ကျော်မင်းထွန်းက ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်၍ ပြစ်မှု ပြစ်ဒဏ်များ လိုက်နာဆောင်ရွက်ရန်များတို့ကို ပရိုဂျက်တာဖြင့် အသီးသီးရှင်းလင်း ဟောပြောခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ (၂၁၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရတနာ