ရေဦးမြို့ အ.ထ.က(၁)တွင် မျိုးဆက်ပွားကျန်းမာရေးနှင့် ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်း၏ အကျိုးဆက်များ အသိပညာပေးဟောပြောပွဲကျင်းပ

ရေဦး ဩဂုတ် ၂၀

အမျိုးသမီးများ မျိုးဆက်ပွားကျန်းမာရေးနှင့် ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်း၏အကျိုးဆက်များအကြောင်းသိရှိပြီး ကျန်းမာရေးနှင့်အညီ နေထိုင်ဆောင်ရွက်တတ်စေရန် ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်  မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ ၁ နာရီက ရေဦးမြို့ အ.ထ.က(၁) ပညာရတနာခန်းမတွင်မျိုးဆက်ပွားကျန်းမာရေးနှင့် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်း၏ အကျိုးဆက်များ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက်က အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ  ဒေါ်သိမ်မွေ့ခင်က ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်း၏အကျိုးဆက်များအကြောင်းကို အသိပညာပေးဟောပြောရာတွင် အသက် ၁၃ နှစ်မှ ၁၈ နှစ်အတွင်း ကိုယ်ဝန် မဆောင် သင့်ပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာခံစားမှုများ ကြုံတွေ့ရနိုင်ပါကြောင်း၊ ပညာရေးမှာထိခိုက်နိုင်ပါကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါ‌ဖြစ်ပွားတတ်ပါကြောင်းနှင့်ဆယ်ကျော်သက်များ ကိုယ်ဝန်ဆောင်ပါက အန္တရာယ်ရှိ‌ပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမ ဒေါ်မြသင်းချိုက မျိုးဆက်ပွားကျန်းမာရေးအကြောင်းများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာမများနှင့် ကျောင်းသူများ စုစုပေါင်း အင်အား (၁၈၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်

မြို့နယ်(ပြန်/ဆက်)