မော်လိုက်မြို့၌ ဆိုလာလမ်းမီးအလှူရှင်များအား ဂုဏ်ပြုပေးအပ်ပွဲကျင်းပ

မော်လိုက် ဩဂုတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်။ မော်လိုက်မြို့၌  အများပြည်သူများဘေးကင်းလုံခြုံ စွာသွားလာနိုင်ရေးနှင့် မြို့သာယာလှပစေရေး ဆိုလာလမ်းမီးတပ်ဆင်ခြင်းအတွက် ဆိုလာလမ်းမီး အလှူရှင်များအား ဂုဏ်ပြုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများနှင့် ဆိုလာလမ်းမီးအလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ခရိုင်ဆရာဝန်ကြီး Dr. ကျော်စိုးက ခရိုင်ပြည်သူ့ဆေးရုံအတွက် ဆိုလာမီးလှူဒါန်းမှုနှင့် ပတ်သက်၍လည်းကောင်း၊ ခရိုင်လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းဦးစီးဌာန ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးဇော်ဝင်းက ဆိုလာစနစ်မီးလင်းရေးကိစ္စနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ကေသွယ်မြမြဦးက မြို့နယ် စည်ပင်သာယာအဖွဲ့မှ ဆိုလာစနစ်တပ်ဆင်မှုနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြား ခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆိုလာလမ်းမီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့ကြသည်။

လမ်းမီးတိုင်(၂၀၀)ရှိ မင်္ဂလာလမ်း၊ မြို့ပတ်လမ်း၊ ကမ်းနားလမ်း၊ ဗိုလ်ချုပ်လမ်းနှင့်ပညာလမ်းတို့တွင် ဆိုလာလမ်းမီး စုစုပေါင်း (၁၀၄) လုံးတပ်ဆင်သွားမည်ဖြစ်ပြီး ယခုအခါ (၇၃)လုံး တင်ဆင်ထားပြီး ကျန်ရှိသည့်(၃၁)လုံးကိုဆက်လက်တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ကိုထက်