သနပ်ပင်မြို့၌ ဥပဒေအရကိုင်ဆောင်သည့် ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးနှင့် အိမ်ထောင်စုစာရင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

သနပ်ပင် ဩဂုတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးက ကျင်းပပြုလုပ်သည့် ဥပဒေအရ ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးနှင့် အိမ်ထောင်စုစာရင်းဆိုင်ရာဆွေးနွေးပွဲကို ဩဂုတ် ၁၈ ရက်နေ့ မနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ပဲခူးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံး ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက ဥပဒေအရကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေး၊ အိမ်ထောင်စုစာရင်းဆိုင်ရာများနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးနိုင်ရေးအတွက် နိုင်ငံသားမှတ်ပုံတင်ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် အိမ်ထောင်စုစာရင်း ရရှိဆောင်ရွက်ပေးမှုကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)