ဖြူးမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားပြုလုပ်

ဖြူး သြဂုတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ​ဖြူးမြို့နယ် ပြည်သူ့ကျန်းမာ​ရေးဦးစီးမှူး၊ ဆေးရုံအုပ်ကြီးဒေါက်တာအောင်ကျော်မိုးက အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှား မှုများအဖြစ် ဩဂုတ်လတစ်လလုံးတွင် ပထမရက်သတ္တပတ် မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်၊ ဒုတိယရက်သတ္တပတ် ငါးနှစ်အောက်နှင့်ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ တတိယရက်သတ္တပတ်ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ စတုတ္ထရက်သတ္တပတ်၊ အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေးရက်သတ္တပတ်များအနေနှင့် သတ်မှတ်ဆောင် ရွက်သွားခြင်းအား နှစ်စဉ်နှစ်တိုင်းဆောင်ရွက်ပေးနေကြောင်း၊ အိမ်ထောင်ရှင်အမျိုးသမီးများအနေနှင့် မိမိတို့နေအိမ်တွင်မိသားစုနေ့စဉ်စားသောက်ဖို့ချက်ပြုတ်သည့်အခါ အာဟာရအုပ်စု သုံးအုပ်စုလုံးမျှတစွာပါဝင်အောင်ချက်ပြုတ်တတ်စေရေး၊ သန့်ရှင်းလတ်ဆတ်ရေး ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းရွှေစင်က ကိုယ်ဝန်ဆောင်မိခင်များအတွက် ကျန်းမာရေးအကြောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်သန်းသန်းဝင်းက ကိုယ်ဝန်​ဆောင်မိခင်နှင့်မွေးကင်းစကလေးငယ်များအတွက် တိုက်ကျွေးရမည့်ဆေးများနှင့် အဟာရအုပ်စုများအကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆေးရုံအုပ်ကြီး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပစ္စည်းများထောက်ပံ့ပေးခြင်း၊ အသက်(၅)နှစ်နှင့်အောက်ကလေးငယ်များအား ဗီတာမင်အေ တိုက်ကျွေးပေးခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)