စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အခြေခံစာကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၅)ဖွင့်ပွဲ အခမ်းအနားတက်ရောက်

မုံရွာ ဩဂုတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခြေခံစာကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြ များနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က စာဖတ်ခြင်းသည် စိတ်ကိုတည်ငြိမ်မှုရှိပြီး အမှားနှင့်အမှန်အား ကျိုးကြောင်းဆီလျော်စွာ ခွဲခြားဆုံးဖြတ်နိုင်သည့် ဗဟုသုတများစွာရရှိနိုင်ပြီး ကျောင်းသားလူငယ်များအတွက် စာကြည့်တိုက်များသည် မရှိမဖြစ်လိုအပ်ပါကြောင်း၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စာကြည့်တိုက်ဝန်ထမ်းများ တစ်နည်းအားဖြင့် စာကြည့်တိုက်မှူးများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့်လည်း ယခုစာကြည့်တိုက်ပညာသင်တန်းမှ ရရှိလာမည့် စာကြည့်တိုက် ပညာရပ်များအား အားတက်သရော သင်ယူလေ့လာသွားကြရန်နှင့် မိမိတို့နှင့်သက်ဆိုင်သည့် စာကြည့်တိုက်များတွင် ပြန်လည်အသုံးပြုသွားကြရန်လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း စာကြည့်တိုက် ပညာဖွံ့ဖြိုး ရေးလုပ်ငန်းများအား တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က အခြေခံစာကြည့်တိုက်ပညာသင်တန်း(၂/၂၀၂၅)ကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၈ မြို့နယ်တွင် ဆောင်ရွက်ရန် အတွက် ငွေကျပ်-၈၀၀၀၀၀(ရှစ်သိန်း)ကျပ်အား မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးထံ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဆန်းဝင်းက အခြေခံစာကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၅)ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းသား/သင်တန်းသူများနှင့်အတူ အမှတ်တရစုပေါင်း မှတ်တမ်းဓါတ်ပုံရိုက်ကူးကြသည်။ အဆိုပါ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ဖွင့်လှစ်လျက်ရှိသည့် အခြေခံစာြကည့်တိုက်ပညာ သင်တန်း(၂/၂၀၂၅)သို့ သင်တန်းသား/သင်တန်းသူ ၂၁ ဦး တက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းအား ဩဂုတ်လ ၁၉ ရက်နေ့မှ ဩဂုတ်လ ၂၃ အထိ စာတွေ့လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)