ထားဝယ် ဩဂုတ် ၁၉
တနင်္သာရီတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ထားဝယ်မြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်က သက်ကြီးရွယ်အိုများအားလုံး ဂုဏ်သိက္ခာရှိရှိနှင့် ကျန်းမာပြီး လုံခြုံစိတ်ချရသည့်ဘဝမျိုးဖြင့် လျှောက်လှမ်းနိုင်ရေး၊ တက်ကြွ၍ကျန်းမာသော သက်ကြီးရွယ်အိုဘဝဖြစ်နိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် ဦးတည်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေပါရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကာကွယ်စောင့်ရှောက်နိုင်ရေး၊ သက်ကြီးရွယ်အိုများဆိုင်ရာ မူဝါဒများချမှတ်နိုင်ရေးအတွက် သက်ကြီးရွယ်အိုများဆိုင်ရာအမျိုးသားအဆင့် ကော်မတီကို ဖွဲ့စည်းထားရှိပြီဖြစ်ပြီး တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီများအား ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း ရိပ်သာအခြေပြုစောင့်ရှောက်ရေး လုပ်ငန်းစဉ်တစ်ခုအဖြစ် စေတနာရှင်လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများက တည်ထောင်ပြီး လူမှုဝန်ထမ်းဦးစီးဌာနကတည်ထောင် ခွင့်ပြုမိန့်ထုတ်ပေးထားသည့် ဘိုးဘွားရိပ်သာ (၃)ခုရှိကြောင်း၊ ဘိုးဘွားရိပ်သာများရှိ သက်ကြီးရွယ်အိုများကို လူမှုဝန်ထမ်းဦးစီးဌာန က သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်ညီညွတ်မှုရှိ/မရှိ စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်းတို့နှင့် သက်ဆိုင်ရာဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီ ဖွဲ့စည်းဆောင်ရွက်မှုကိုကြည့်ရှုလေ့လာပြီး လိုအပ်သောအချက် အလက်များကို ဘိုးဘွားရိပ်သာတာဝန်ခံပုဂ္ဂိုလ်အားအကြံပြုခြင်းများကို တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီး ဌာနတို့ကဆောင်ရွက်လျက်ရှိကြောင်း၊ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးတွင် ထားဝယ်ဘိုးဘွားရိပ်သာ ရေရှည်တည်တံ့စေရန်အတွက် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ ထားဝယ်ဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီဝင်များအနေဖြင့်ဝိုင်းဝန်းဆွေးနွေးပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်း ဘိုးဘွားရိပ်သာတည်ထောင်ခွင့်ပြုမိန့်ပေးခြင်းနှင့် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေနှင့်နည်းဥပဒေပါပြဋ္ဌာန်းချက်များ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင်၏ ထားဝယ်ဘိုးဘွားရိပ်သာနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များက လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးကာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)