တိုင်းရင်းသားအချင်းချင်း ချစ်ကြည်လေးစားမှု၊ ရိုင်းပင်းကူညီမှုနှင့် စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်ဖြင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကိုတည်ဆောက်

ထားဝယ် ဩဂုတ် ၁၉

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုတိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့်အတူ   ယနေ့ နံနက် (၁၀)နာရီက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီများနှင့် တွေ့ဆုံသည်။

ဦးစွာ တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားဒေသများတွင် ကြုံတွေ့ နေရသော ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများနှင့် ယာယီနေရပ်စွန့်ခွာတိုင်းရင်းသားပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစစ်ရေးကတ်ပြား၊ အိမ်ထောင်စု လူဦးရေစာရင်းများအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ အခြေခံ စားသောက်ကုန်များ  ပေးအပ်ခြင်း၊  တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရိုးရာ ပွဲတော်အခမ်းအနားများကို စဉ်ဆက်မပြတ်  ကျင်းပဆောင်ရွက်မှုနှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်မှု များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီများမှ ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်ချက်များနှင့် တိုင်းရင်းသားဘာသာသင် TA/ LT ဆရာ၊ ဆရာမများအား လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေးတို့ကို တင်ပြသည်။

ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် တစ်မြေတည်းနေ တစ်ရေတည်းသောက် တိုင်းရင်းသားလူမျိုးစု ညီအစ်ကိုမောင်နှမများအားလုံးသည် အငြင်းပွားမှုများမဖြစ်စေရန် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်လေးစားမှု၊ ရိုင်းပင်းကူညီမှုနှင့် စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်ဖြင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကိုတည်ဆောက်နိုင်ရန်၊ နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် သွင်းကုန်များ လျှော့ချနိုင်ရန်အတွက် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများအား ခေတ်မီနည်းစနစ်များဖြင့် ပို့ကုန်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်အေးချမ်းသာယာပြီး တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ပွဲတော်အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် ပညာရေးကိစ္စရပ်များ၊ စာပေနှင့်ယဉ်ကျေးမှုများကို မြှင့်တင်ပေးရန်လိုအပ်ပါကြောင်း၊ နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသားမိသားစုများ အားလုံး အငြင်းပွားမှုလျော့နည်းစေရန် စီးပွားရေးဖြင့်စုစည်းရန်လိုကြောင်း၊ ဆင်းရဲမှုပပျောက်စေရန်အတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု နည်းစနစ်များဖြင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို  ကောင်းမွန်စွာဆောင်ရွက်နိုင်သော ပြည်သူ့ရေးရာ အုပ်ချုပ်မှုစနစ်များကို ဖော်ဆောင်ပေးရန်လိုအပ်ပါကြောင်း၊ လူမှုအသိပညာများတိုးတက်စေရေးအတွက် တိုင်းရင်းသားများစည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း မှာကြားသည်။ ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စာပေနှင့်ယဉ်ကျေးမှုကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ထားဝယ်စာပေနှင့်ယဉ်ကျေးမှုကော်မတီ၊ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊  ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီနှင့်  တိုင်းရင်းသားလူမျိုးများရေးရ ဝန်ကြီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို  ချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် တိုင်းရင်းသား/သူများက ထားဝယ်ရိုးရာရေအိုးရွက်အကနှင့် ရိုးရာယဉ်ကျေးမှု အကတို့ဖြင့် တင်ဆက်ဖျော်ဖြေကြကာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ရိုးရာယဉ်ကျေးမှု အကအဖွဲ့များအား ဆုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)