ထားဝယ် ဩဂုတ် ၁၉
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလားဘင်ခရာများတီးခတ်မှု စွမ်းရည်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ် ၁၉ ရက် နံနက် ၈ နာရီ က ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာ အခြေခံပညာကျောင်းများပေါင်းစုံမှ ဘင်ခရာအဖွဲ့များနှင့် ထားဝယ်ပညာရေးဒီဂရီကောလိပ်ဘင်ခရာအဖွဲ့တို့က ဘင်ခရာစွမ်းရည်ယှဉ်ပြိုင်နေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများ နှင့် ဝါသနာရှင်များကကြည့်ရှု အားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်က နှစ်သိမ့်ဆုရရှိသည့် ထားဝယ်ပညာရေးဒီဂရီကောလိပ်ဘင်ခရာအဖွဲ့၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက တတိယဆုရရှိသည့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာအဖွဲ့နှင့် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက ဒုတိယဆုရရှိသည့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာအဖွဲ့တို့ကို ဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပထမဆုရရှိသည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဘင်ခရာအဖွဲ့ကို တံခွန်စိုက်ဆုဖလားနှင့် ဆုကြေးငွေများပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)